မြေအငြင်းပွားမှုတွင် ကျပ်၁၂၅ သိန်းရယူသည်ဟုဆိုကာ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိ ကော်မရှင် အမှုဖွင့်

မြေအငြင်းပွားမှုတွင် ကျပ်၁၂၅ သိန်းရယူသည်ဟုဆိုကာ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိ ကော်မရှင် အမှုဖွင့်

ရန်ကုန်၊ ဇွန်လ ၂၁ ။         ။  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်ကွင်းကျေးရွာအုပ်စုတွင် မြေယာပိုင်ဆိုင်မှု အငြင်းပွား နေသည့် ကိစ္စတစ်ခုတွင် ကျပ်သိန်း ၁၂၅ ရယူခဲ့မှုဖြင့် တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တွံတေးမြို့မရဲစခန်းတွင် ဇွန်လ ၂၁ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် "တွံတေးမြို့နယ်၊ ခလောက်ချိုက်ကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၅၂)၊ ခလောက်ချိုက်ကွင်း၊ ဦးပိုင်(၈/က) ဧရိယာ ၂၀ ဒသမ ၈၂ ဧကကို မြေပိုင်ဆိုင်မှုအငြင်းပွားခဲ့ခြင်းနှင့် ပတ်သက် ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖွဲ့စည်း သည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအဖွဲ့၏ ရေးသားချက်များ အမှန်ဖြစ်စေရေး အတွက်ငွေကျပ် သိန်း ၁၂၀ ပေးခဲ့ရခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အပြင် အသက်အန္တရာယ် ရှိကြောင်း ခြိမ်းခြောက် ပြောဆိုခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်"ဟု ပါရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အဆိုပါ မြေယာပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကိစ္စတွင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းက နစ်နာသူထံမှ ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် တိုင်ကြားစာရေးသားပေးရန် အတွက် ငွေကျပ် ၅ သိန်းနှင့် တင်ပြလိုသည့် သက်သေထွက်ဆိုချက်များကို စစ်ဆေးရေးအစီရင်ခံစာတွင် ထပ်မံထည့်သွင်းပေးရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ငွေကျပ် သိန်း ၁၂၀ တို့ကို တောင်းယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required