NLD အစိုးရ၏ လက်ကျန်သက်တမ်းတွင် အလုပ်အကိုင်ဖန်တီးပေးမည့် ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းမည်

NLD အစိုးရ၏ လက်ကျန်သက်တမ်းတွင် အလုပ်အကိုင်ဖန်တီးပေးမည့် ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းမည်
   (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(ဇွန်လ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်းအစိုးရအဖွဲ့တွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်နှင့် သန်းခေါင်စာရင်း အတိအကျ လုပ်ဆောင်ပေးရန် ရည်ရွယ်ကာ ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရန် ဇွန်လ ၂၁ရက်က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

 သမ္မတ ဦးဝင်းမြင့်၏ ညွှန်ကြားချက်ဖြင့် တိုင်းနှင့်ပြည်နယ် အားလုံးတွင် “လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန” တိုးချဲ့၊ ဖွဲ့စည်းသွားရန်ရှိနေပြီး မန္တလေးတွင်လည်း ယင်းဝန်ကြီးဌာန ဖွဲ့စည်းရန် တိုင်းအစိုးရအဖွဲ့၏ တင်ပြချက်ကို လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

 မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ကျန်နေတဲ့ သက်တမ်း တစ်နှစ်ခွဲအတွင်းမှာ အလုပ်အကိုင်ဖန်တီးရေးကို ဒီဝန်ကြီးဌာနက ကိုင်တွယ်မယ်။ အဓိကလုပ်တဲ့ ရည်ရွယ်ချက်ကတော့ လူ့စွမ်းအား အရင်းအမြစ်ကို သေသေချာချာ ကိုင်တွယ်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျန်တော့တဲ့ တစ်နှစ်ခွဲအတွက် အလုပ်အကိုင် ဖန်တီးရေးကို ဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်မယ်” ဟု ပြောသည်။

 လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီ ဖြစ်၏သဖြင့် မကြာခင် ဖွဲ့စည်းတော့မည့် အဆိုပါ ဝန်ကြီးဌာနအတွက် ဝန်ကြီးလောင်း သုံးဦးစာရင်းကို သမ္မတ ဦးဝင်းမြင့်ထံ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

 လျာထားသည့် ဝန်ကြီးလောင်း သုံးဦးကို အတိအကျ မပြောသော်လည်း အုပ်ချုပ်ရေး အတွေ့အကြုံရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လွှတ်တော်အမတ်များထဲမှ ဖြစ်နိုင်ပြီး သမ္မတထံမှ အတည်ပြုချက်ရသည်နှင့် အဆိုပါ ဝန်ကြီးဌာနကို အမြန်ဆုံး ဖွဲ့စည်းသွားမည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တွင် “နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်း သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်ဟု ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly