တညင်းကုန်း ကုန်စိမ်းစျေးဟောင်းကို အပြီးပိတ်သိမ်း

တညင်းကုန်း ကုန်စိမ်းစျေးဟောင်းကို အပြီးပိတ်သိမ်း
 တညင်းကုန်းစျေးဟောင်း တစ်နေရာအား ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်

ရန်ကုန်၊ ဇွန်လ ၂၁ ။         ။  ကုန်စိမ်းများ အဓိက ရောင်းချလျက်ရှိသည့် တညင်းကုန်းစျေးဟောင်းကြီးကို သတ်မှတ်ထားသည့်ရက်အတိုင်း ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် အပြီးပိတ်သိမ်းလိုက်ပြီး ပစ္စည်းများပြောင်းရွှေ့မှုကို ဇွန်လ ၂၃ ရက်နေ့ နောက်ဆုံးထားခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာန၊ ဒုတိယဌာနမှူး ဦးသောင်းတင်က ပြောသည်။

စျေးဟောင်းကို အပြီးအပိုင်ပိတ်သိမ်းလိုက်သည့် ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းအင်အား ၂၀၀၊ လုံခြုံစည်းကမ်းဌာနမှ လုံခြုံရေးအင်အား ၄၀ ဦး၊ ခရိုင် ရဲတပ်ဖွဲ့အင်အား ၃၅ ဦးဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

" ၂၁ ရက်နေ့ကနေ စပြီးတော့မှ စျေးဟောင်းကို အပြီးအပိုင်ပိတ်သိမ်းပြီးတော့မှ မူလက ဆိုင်ခန်းပိုင်ရှင်တွေ ကိုပဲ စျေးထဲကို ပေးဝင်ပါတယ်။ စျေးဝယ်တဲ့သူတွေကို ကျွန်တော်တို့ ပေးမဝင်တော့ပါဘူး။ ပစ္စည်းရွှေ့ပြောင်းဖို့ အတွက်ကိုလည်း ကျွန်တော်တို့ ၃ ရက်ပေးထားပါတယ်။ အဲ့ဒီ ၃ ရက်ကျော်သွားပြီဆိုရင် တော့ သူတို့ပစ္စည်းတွေကို ကျွန်တော်တို့ လုံခြုံရေးအရ တာဝန်ယူပေးဖို့ မရှိတော့ပါဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး တော့မှလည်း ကျွန်တော်တို့ အဆင့်ဆင့်တင်ပြပြီးတော့မှ ဆက်လက်ဆောင်ရွက်သွားပါမယ်"ဟု ဦးသောင်းတင် က ပြောသည်။

အဆိုပါ တညင်းကုန်းစျေးဟောင်းကြီးကို ပိတ်သိမ်းရန်အတွက် လွန်ခဲ့သည့် ၂ နှစ်ခန့်ကာလမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လမ်းညွှန်ထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ စျေးဟောင်းမှ စျေးသစ်သို့ ရွှေ့ပြောင်းရမည့် နေရာ စျေးနှုန်းများ၊ နေရာပြန်လည်ချထားမည့် အစီအစဉ်များကို စျေးသည်များနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့မှုများရှိကြောင်း၊ နောက်ဆုံးဆွေးနွေးချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးသောင်းတင် က ဆက်ပြောသည်။

" တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့မှ ဒီလ ၆ လပိုင်း ၂၀ ရက်နေ့နောက်ဆုံးထားပြီးတော့မှ ပြောင်းရွှေ့ဖို့ ဆိုပြီးတော့မှ ကျွန်တော်တို့ကို လမ်းညွှန်ထားပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီတော့ ၃ ရက် ရွှေ့ပြောင်းဖို့အတွက် အချိန်ပေးခဲ့ပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာန၊ ဒုတိယဌာနမှူး ဦးသောင်းတင်က ပြောသည်။

ထိုသို့ စျေးသည်များကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရန် အသိပေးကြေညာထားသော်လည်း ထိုနေ့တွင် စျေးသူ၊ စျေးသား ၅၀၀ ကျော်က လက်ရှိ မူလနေရာကို စည်ပင်သာယာရေးကော်မတီမှ အဆင့်မြှင့် တင်လိုပြီး ကုမ္ပဏီလက်အောက်သို့ မဝင်လိုသည့်အတွက် ကြွေးကြော်သံများနှင့်အတူ တညင်းကုန်းဘူတာ စျေးမှစတင်ကာ အင်းစိန်စျေးသို့ ရောက်သည့်အထိ ၂ နာရီကျော်ကြာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြ သည်။

" သူတို့ ကုမ္ပဏီစျေးကလည်း ညီမတို့နားလည်ပါတယ်။ အဆင့်မြှင့်လိုတဲ့သူတွေ သူ့ဆန္ဒ၊ သူ့သဘောထားနဲ့ ရောင်းချင်တဲ့သူတွေကို သူတို့စျေးမှာရောင်း၊ ညီမတို့ကလည်း ညီမတို့စျေးလေးကို ညီမတို့ ကိုယ်ထူကိုယ်ထနဲ့ အဆင့်မြှင့်တင်လိုတယ်။ နိုင်ငံတော်အစိုးရနဲ့ တရားဝင်ခွင့်ပြုချက်နဲ့ပေါ့။ အဆင့်မြှင့်တင်လိုတယ်။ ညီမတို့ ဆန္ဒလေးနဲ့ အစိုးရကိုသွင်းထားတဲ့ မြေနေရာလေးတွေမှာ ညီမတို့က ရောင်းချင်တယ်။ ဒါပေမယ့် လုပ်ခွင့်တွေ မပေးဘူး။ လုပ်ခွင့်တွေမပေးဘဲ ဟိုအထဲပဲ အတင်းမောင်းသွင်းနေတယ်"ဟု တညင်းကုန်းစျေးဟောင်းတွင် အုန်း၊ ငှက်ပျောရောင်းချနေသည့် ဒေါ်ပပက ဇွန်လ ၂၁ ရက်နေ့ စျေးဟောင်းအတွင်းရှိနေစဉ် ပြောသည်။

စျေးဆိုင်ခန်းပေါင်း ၁၀၈၇ ခန်းရှိသည့်  တညင်းကုန်း ကုန်စိမ်းစျေးဟောင်းအပါအဝင် မြေနေရာ  ၈၂ ဒသမ ၇၈ ဧကတွင် သစ်သီးသလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်၊ အသား၊ ငါး တညင်းကုန်း လက်ကားစျေးသစ်ကြီးအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီက Myanmar Agro Exchange Public ကုမ္ပဏီနဲ့အတူ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

" ဒီနေရာကတော့ ကျွန်တော်တို့ ပြီးသွားတဲ့အချိန်မှာ ဒီဘက်ညာလက်ထောင့်မှာ ဆိုရင် လျှပ်စစ်ဓာတ်အားခွဲရုံ တွေပါပါမယ်။ ဒီဘက်မျက်နှာစာမှာဆိုရင် Shop House တွေပါပါမယ်။ ဒီ စီမံကိန်းဧရိယာတစ်ခုလုံးကို ရေပေး ဝေမယ့် ရေလှောင်ကန်တွေပါမယ်။ မီးသတ်ရေလှောင်ကန်တွေပါပါမယ်"အဆိုပါ အပြီးအပိုင် ပိတ်သိမ်းလိုက် သည့် တညင်းကုန်းစျေးဟောင်းမြေနေရာတွင် တည်ဆောက်မည့် အပိုင်းများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ စျေးများဌာန၊ ဒုတိယဌာနမှူး ဦးသောင်းတင်က ရှင်းပြသည်။

လက်ရှိတွင် တညင်းကုန်းစျေးဟောင်းမှ စျေးသူ၊ စျေးသားများက ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ ပစ္စည်းများကို လက်ကားစျေးသစ်ကြီးဘက်သို့ ပြောင်းရွှေ့မှုများပြုလုပ်လျက်ရှိသည်ကိုတွေ့ရပြီး အများစုမှာ ထိုသို့ မပြောင်းရွှေ့လိုသော်လည်း ရွေးချယ်စရာလမ်းမရှိသဖြင့် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း မဇ္စျိမက မေးမြန်းခဲ့သည့် စျေးသည် ၁၇ ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly