ဖမ်းဝရမ်းထုတ်ခံထားရသည့် ကရင်နီလူငယ် ၅ ဦး အဖမ်းခံ

ဖမ်းဝရမ်းထုတ်ခံထားရသည့် ကရင်နီလူငယ် ၅ ဦး အဖမ်းခံ
ဓာတ်ပုံ - KnIc

ရန်ကုန်၊ ဇွန် ၂၁ ။          ။ နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် ကရင်နီလူငယ် ၅ ဦးသည် မိမိတို့ ဆန္ဒအလျောက် လာရောက်အဖမ်းခံခဲ့ကြောင်း ခွန်းဂျွန်ပေါလ် (ခ) ပျားလေးက မဇ္စျိမသို့ ပြောသည်။

ကရင်နီ လူငယ်များသည် လွိုင်ကော်မြို့ ချစ်ကယ်ကျေးရွာအုပ်စုရှိ ကေးထျိုးဘိုးခန်းမတွင် ကျင်းပသော ယနေ့ကျရောက်သည့် ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို တက်ရောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် အဖမ်းခံခဲ့ခြင်းလည်း ဖြစ်သည်။

“ ဆင့်ခေါ်စာနဲ့ခေါ်ရင်လာမယ်လို့ ပြောထားတယ်။ ဒါပေမယ့် ဆင့်ခေါ်စာနဲ့ မခေါ်တဲ့အခြေအနေမှာ ခဏရှောင်တယ်။ အခုအမျိုးသားနေ့ကို တက်ရောက်တယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ၀ိသေသလက္ခဏာနဲ့ တန်းတူခွင့်က ဘာလဲဆိုတာ ဖော်ပြချင်လို့ ဒီရက်မှာ အဖမ်းခံတာပါ။ ကျွန်တော်တို့ လုပ်ရပ်ဟာ ဘာမှမှားယွင်းတာ မရှိဘူးဆိုတာ လာရောက် သက်သေခံခြင်း ဖြစ်တယ်”ဟု ခွန်းဂျွန်ပေါလ် (ခ) ပျားလေးက မဇ္စျိမသို့ ပြောသည်။

တရားစွဲဆို ခံထားရသည့် လူငယ် ၆ ဦးတွင် ခူးကြူးဖဲကေး (ခ) ဂူဂူးကို လွိုင်ကော် အကျဉ်းထောင်တွင်ဖမ်းဆီးထားပြီး ကျန်သည့် ကရင်နီလူငယ် ၅ဦးဖြစ်သည့် ဒီးဒီ (ခ) စစ်မုန်း၊ ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း၊ ခူးရီးဒူ၊ ခွန်းသာမတ်စ် နှင့် ခွန်းဂျွန်ပေါလ် (ခ) ပျားလေး တို့သည် ယနေ့ အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်ဖောင်းရှိုနှင့် ဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားများ သွေးစည်းချစ်ကြည်ရေး ၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ ရက်နေ့တွင် ကြေညာသည့် ကြေညာချက်တွင် လက်မှတ်ထိုးခဲ့သည့် ကရင်နီလူငယ် ၆ ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

ကယားတွင် ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမှုကို ကရင်နီလူငယ်များက ပုံစံအမျိုးမျိုးဖြင့် ကန့်ကွက်ခဲ့ကြပြီး ယင်းကဲ့သို့ကန့်ကွက်မှုများကြောင့်လည်း တရားစွဲဆိုခံရခြင်းများ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required