ဘရာဇီးတွင် သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် နေ့စဉ်အနည်းဆုံး လူ ၁၆၀ သေဆုံးနေ

ဘရာဇီးတွင် သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် နေ့စဉ်အနည်းဆုံး လူ ၁၆၀ သေဆုံးနေ

ဆာအိုပေါလို၊ အောက်တိုဘာ ၉ ။            ။ ၂၀၁၄က ဘရာဇီးနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လူ ၅၈,၅၅၉ ဦးသေဆုံးခဲ့သည်ဟု အောက်တိုဘာ ၈ က စာရင်းဇယားသစ်များ တွင်ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ သေဆုံးမှုမှာ တစ်နေ့လျင် လူ ၁၆၀ ခန့်သေဆုံးနေခြင်းဖြစ်သည်။ အများစုမှာ လူသတ်မှုကြောင့်ဖြစ်သော ယင်းကဲ့သို့သေဆုံးမှုများ ဘရာဇီးက ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်ကထက် ၄ ဒသမ၈ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်ကြောင်း အဓိကကိုးကားမှု အဖြစ်ယူဆရသည့် Brazilian Public Security Forum ၏နှစ်စဉ်လေ့လာမှုက ဖော်ပြခဲ့သည်။

ယင်းသို့သေဆုံးရခြင်းတွင် လူသတ်မှု၊ သေဆုံးသည်အထိတိုက်ခိုက်မှုနှင့် လုယက်မှုများအတွင်းကျူးလွန်သည့် ပြစ်မှုများပါဝင်သည်။ ထို့အပြင် စစ်ဆင်ရေးများအတွင်းရဲများ၏လက်ချက်ဖြင့် သေဆုံးမှု ၃,၀၂၂မှုနှင့် သတ်ဖြတ်ခံရသည့်ရဲတပ်ဖွဲ့ဝင် ၃၉၈ ဦးလည်း ပါဝင်သည်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှုဖြစ်ပြီး သေဆုံးမှုအားလုံး၏ ၈၉ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ သို့သော်လည်း ဒုတိယအကြောင်း ရင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုဖြစ်ပြီး သေဆုံးမှုပမာဏမှာ ၅ ဒသမ၂ ရာခိုင်နှုန်းရှိသည်ဟု လေ့လာမှုက ဖော်ပြခဲ့သည်။

"ဘရာဇီးမှာ အကြမ်းဖက်သေဆုံးမှုလျှော့ချမှုအကြောင်း ကျွန်တော်တို့ ပြောချင်တယ်ဆိုရင်တော့ ရဲတွေရဲ့လက်ချက်ကြောင့် တစ်နေ့ကို ရှစ်ယောက်လောက်သေဆုံးနေတာကို ထည့်သွင့်းစဉ်းစားဖို့လိုပါ တယ်။ ဖြစ်နိုင်တာက ဘရာဇီးရဲတပ်ဖွဲ့ဟာ ကမ္ဘာပေါ်ရှိ ဘယ်ရဲတပ်ဖွဲ့ထက်မဆို ပိုပြီးသတ်ဖြတ်ပါတယ်။ ဒါကို တရားဝင်လက်မခံပါဘူး"ဟု ဆာအိုပေါလိုရှိ အစိုးရမဟုတ်သည့် အဖွဲ့စည်းတစ်ခုဖြစ်သော လုံခြုံရေးဖိုရမ်မှ ဒု-ဥက္ကဋ္ဌဖြစ်သူ ရီနာတိုဆာဂျီယိုဒီလီမာက ပြောသည်။

ရဲတပ်ဖွဲ့နှင့် ဆက်နွယ်သေဆုံးမှုစာရင်းမှာ အပြည့်အစုံအစီရင်ခံမှုမရှိသဖြင့် အလွန်နည်းနေနိုင်သည်ဟုလည်း သုတေသီများက ပြောသည်။ နောက်ထပ်ရှုပ်ထွေးမှုတစ်ခုမှာ သေဆုံးမှုစာရင်းများမှာ ရဲတပ်ဖွဲ့နှင့် သံသယရှိသူရာဇဝတ်သားများ ထိပ်တိုက်ရင်ဆိုင်မှုများကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ သေဆုံးမှုအဓိကအကြောင်းမှာ ရဲတပ်ဖွဲ့များက အင်အားအလွန်အကျွံသုံးခြင်းကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယုံကြည်သည်။

အကြမ်းဖက်တိုက်ခိုက်မှုစာရင်းတွင် ဆင်းရဲသောနိုင်ငံအရှေ့မြောက်ပိုင်းက ထိပ်ဆုံးတွင်ရှိသည်။ အဆိုးဆုံးပြည်နယ်မှာ ဘာဟီယာဖြစ်ပြီး လူ ၁၀၀,၀၀၀လျင် ၄၁ဒသမ၄ဦးနှုန်းဖြင့် လူသတ်မှု ၆,၂၆၅ဖြစ် ပွားခဲ့သည်။

မြို့ပြပြစ်မှုတွင် ကြာရှည်စွာဦးဆောင်နေသည့် ရီယိုမြို့ပါဝင်သည့် ရီယိုဒီဂျနေရိုးပြည်နယ်က လူ ၁၀၀,၀၀၀လျင် ၃၄ ဒသမ ၇ ဦးနှုန်းဖြင့် လူသတ်မှု ၅,၇၁၉မှုဖြစ်ပွားခဲ့သည်။ လူဦးရေ သန်း ၄၀ ရှိသည့် ချမ်းသာသော ဆာအိုပေါလိုပြည်နယ်တွင် ၂၀၁၄ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၅,၆၁၂ဦးသေဆုံးခဲ့သည်။ သို့သော် လူ ၁၀၀,၀၀၀ တိုင်းအတွက် ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် နိုင်ငံတွင် အနိမ့် ဆုံးဖြစ်သည်။ ၂၀၁၄ခုနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်သေဆုံးနှုန်းမှာ လူ ၁၀၀,၀၀၀ လျင် ၂၈ ဒသမ ၉ ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required