ရှီကျင့်ဖျင်လက်ထက် တရုတ်တွင် လူ့အခွင့်အရေးမှာ ထိုးနှက်ခံနေရဟု ရီပတ်ဘလီကင်သမ္မတ မာကိုရူဘီယို ပြော

ရှီကျင့်ဖျင်လက်ထက် တရုတ်တွင် လူ့အခွင့်အရေးမှာ ထိုးနှက်ခံနေရဟု ရီပတ်ဘလီကင်သမ္မတ မာကိုရူဘီယို ပြော

ဝါရှင်တန်၊ အောက်တိုဘာ - ၉ ။        ။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက် လူ့အခွင့်အရေး အခြေအနေကို အမေရိကန် အထက်လွှတ်တော်အမတ်နှင့် ရီပတ်ဘလီကင် သမ္မတလောင်း မာကို ရူဘီရိုက ဝေဖန်ထိုးနှက်ခဲ့သည်။

ရှီ သမ္မတဖြစ်လာပြီးကတည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ ဝမ်းနည်းစရာကောင်းလောက်အောင် အထိုးနှက်ခံနေရသည်ဟု တရုတ်ရေးရာ ကွန်ဂရက်အမှုဆောင်ကော်မတီ၏ တွဲဖက်ဥက္ကဌလည်းဖြစ်သည့် ရူဘီယိုက ပြောကြားခဲ့သည်။

‘ဒီကနေ့ တရုတ်နိုင်ငံဟာ နည်းမျိုးစုံနဲ့ ပိုဖိနှိပ်၊ ပိုရက်စက်လာတယ်’’ဟု ရူဘီယိုက ပြောကြားခဲ့သည်။ ‘သန်းပေါင်းများစွာသော တရုတ်ပြည်သူတွေဟာ အမေရိကန်နိုင်ငံသားတွေ ရရှိခံစားနေကြရတဲ့ အခြေခံအခွင့်အရေးတွေ ရရှိဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ ခြိမ်းခြောက်မှု၊ ထောင်သွင်းအကျဉ်းချမှု၊ နှိပ်စက်မှုနဲ့ သေခြင်းတရားနဲ့သာ ပက်ကင်းတိုး ခဲ့ကြရပါတယ်’’ဟု ၎င်းကို ပြောကြားခဲ့သည်။

၂၀၀၀ခုနှစ်တွင် ထူထောင်ဖွဲ့စည်းခဲ့သည့် တရုတ်ရေးရာ ကွန်ဂရက်အမှုဆောင်ကော်မရှင် (CECC)က တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေး၊ ဖွံ့ဖြိုးမှုနှင့် တရားဥပဒေစိုးမိုးရေး အခြေအနေများ ကိုစောင့်ကြည့်အစီရင်ခံနေခဲ့သည်။

နောက်ဆုံးအစီရင်ခံစာတွင် အမေရိကန်၏ ပေကျင်းနှင့် လူ့အခွင့်အရေးဆိုင်းရာ သံတမန်ဆက်ဆံရေးကို အထက်အောက် ပြန်လည်ဖွဲ့စည်းရန် ဒီမိုကရတ်နှင့် ရီပတ်ဘလီကင် နှစ်ပါတီစလုံးပါဝင် သည့်ကော်မရှင်က တိုက်တွန်းခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ပတ်သက်လာလျှင် လူ့အခွင့်အရေးပြဿနာမှာ အကျော်လွှားခံနေရသည့် အကြောင်းအရာတစ်ခု ဖြစ်လာနေခဲ့သည်။ လူ့အခွင့်အရေးပြဿနာနှင့် ပတ်သက်၍ တရုတ်ကို လုံလုံလောက်လောက် ဖိအားပေးမှုမရှိသောကြောင့် သမ္မတဘားရက် အိုဘားမားကို ရီပတ်ဘလီကင်များက ဝေဖန်နေကြသည်။

ရှီ၏ ဝါရှင်တန်ခရီးစဉ်အတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အိုဘားမားက လူ့အခွင့်အရေးပြဿနာကို မီးမောင်းထိုးပြခဲ့သည်။ ‘ဒီနေရာမှာ တကယ့်ခြားနားမှုတွေရှိနေတာ ကျနော်တို့ အပြန်အလှန် အသိအမှတ်ပြုခဲ့ကြပြီး သမ္မတရှီကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းသွားနိုင်မယ့် ပုံစံနဲ့ တစ်လှမ်းချင်းတိုးသွားမယ်လို့ သူ့အမြင်ကို မျှဝေခဲ့ပါတယ်’’ဟု အိုဘားမားက ပြောကြားခဲ့သည်။

တရုတ်က ခွဲထွက်ရေးသမားဟု သတ်မှတ်ထားခဲ့သည့် တိဘတ်ဘာသာရေးခေါင်းဆောင်၏ အမည်ကိုလည်း အိုဘားမားက ထုတ်ဖော်ပြောကြားခဲ့သည်။ ‘တိဘက်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းဆိုတာ ကျနော်တို့အသိအမှတ်ပြုရင်တောင် တိဘက်ပြည်သူတွေရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု ဝိသေသလက္ခဏာတွေကို ထိန်းသိမ်းဖို့၊ ဒလိုင်လားမား (ဒါမှမဟုတ်) သူ့ရဲ့ကိုယ်စားလှယ်တွေ နဲ့စေ့စပ်ဆွေးနွေးဖို့ တရုတ်အာဏာပိုင်တွေကို တိုက်တွန်းပါတယ်’’ဟု အိုဘားမားက ပြောကြားခဲ့သည်။

ရှီက လူ့အခွင့်အရေးပြဿနာကို အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သော်လည်း တရုတ်ခေါင်းဆောင်များ၏ အစဉ်အလာအတိုင်း ပေကျင်းတွင် လူ့အခွင့်အရေးဆိုသည်ကို အမေရိကန်နှင့် အမြင်မတူကြောင်းလည်း ထောက်ပြသွားခဲ့သည်။

‘ကျနော်တို့ဟာ နိုင်ငံတွေမှာ မတူခြားနားတဲ့ သမိုင်းနောက်ခံနဲ့ သဘာဝတွေရှိနေကြတယ်ဆိုတာကို အသိအမှတ်ပြုရမှာဖြစ်ပြီး နိုင်ငံအားလုံးရဲ့ ပြည်သူတွေဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို သူတို့ပုံစံနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ကို လေးစားဖို့ လိုအပ်ပါတယ်’’ဟု ရှီက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required