စျေးသစ်သို့ မပြောင်းလို၍ တညင်းကုန်းစျေးဟောင်းမှ စျေးသူ စျေးသား ၅၀၀ ကျော် ဆန္ဒပြ

စျေးသစ်သို့ မပြောင်းလို၍ တညင်းကုန်းစျေးဟောင်းမှ စျေးသူ စျေးသား ၅၀၀ ကျော် ဆန္ဒပြ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန်လ ၂၀ ။           ။ အခွန်အခ ကြီးမြင့်သည့်အတွက်ဆိုကာ အသစ်ဆောက်လုပ်ထားသည့် စျေးသစ်သို့ မပြောင်းရွှေ့လိုသည့် တညင်းကုန်းစျေးဟောင်းမှ  စျေးသူ၊ စျေးသား ၅၀၀ ကျော်က ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တညင်းကုန်း စျေးဟောင်းမှ  အင်းစိန်စျေးအထိ ၂ နာရီကျော် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

" အစ်မတို့ ဒီမှာက တစ်ရာဖိုးကနေ စပြီးတော့ ရောင်းသွားတာ။ ဒီမှာရောင်းနိုင်တယ်။ ဒီလိုရောင်းနိုင်တာ ကလည်း အခွန်သက်သာလို့ ရောင်းနိုင်တယ်။ ဟိုဖက်မှာကျတော့ တစ်နေ့မှာ တစ်ကြိမ်ပဲကို ငါးပေပတ်လည်ကို ၉ရာပေးရတယ်။ အစ်မက ဟိုမှာ(စျေးသစ်)လည်း မနက်ပိုင်းအစောရောင်းတယ်။ ငါးပေလေးကွက်ယူထားတယ်။ ၃၆၀၀ ကျတယ်။ အဲ့ဒါမှာ အမကုန်တွေများနေတော့ ထပ်ထားရတဲ့အခါကျတော့ ကုန်တွေက နာကုန်ရော။ မနေ့ကဆို သခွားသီး နှစ်အိတ်လွှင့်ပစ်လိုက်ရတယ် "ဟု တညင်းကုန်းစျေး၊ ရုံ(က)တွင် ကုန်စိမ်းရောင်းချနေသူ ဒေါ်မြင့်မြင့်ဌေးက မဇ္စျိမသို့ ပြောသည်။

ရန်ကုန်မြို့၏ အဓိကစျေးကြီး တစ်စျေးဖြစ်သည့် ကုန်စိမ်းများ အဓိက လက်လီလက်ကား ရောင်းချရာ တညင်းကုန်းစျေးဟောင်းကို ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီက Myanmar Agro Exchange Public ကုမ္ပဏီနဲ့အတူ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စတင်တည်ဆောက်မှုအပိုင်းတွင် စျေးဆိုင်ခန်းပေါင်း ၁၀၈၇ ခန်းရှိသည့်  တညင်းကုန်း ကုန်စိမ်းစျေး ဟောင်း အပါအဝင် မြေနေရာ  ၈၂ ဒသမ ၇၈ ဧကတွင် သစ်သီးသလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်၊ အသား၊ ငါး တညင်းကုန်းလက်ကားစျေးသစ်ကြီးအဖြစ် တည်ဆောက်ထားခြင်းဖြစ်သည်။

" စည်ပင်သာယာ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့ အခြားစျေးများနည်းတူ စနစ်ကိုပဲ ကျင့်သုံးပါ။ ထားတဲ့ နေရာ၊ သင့်တော်တဲ့နေရာ၊ နိုင်ငံတော်က အဆင်ပြေတဲ့နေရာမှာ ကျွန်တော်တို့ စျေးသူစျေးသားတွေ အများ ဆန္ဒနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပါ။ ကုမ္ပဏီရဲ့ လက်ထဲ၊ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအောက်ထဲကိုတော့ စျေးသည် ပေါင်းဘဝ တစ်ထောင်ကျော်ကို ထိုးမထည့်လိုက်ပါနဲ့၊ မယုံကြည်လိုက်ပါနဲ့။ ကုမ္ပဏီက အခုတစ်မျိုး၊ တော်ကြာ တစ်မျိုး၊ မနက်ဖြန်တစ်မျိုး၊ တဘက်ခါတစ်မျိုး ဖြစ်လာတဲ့ စည်းကမ်းတွေကို ကျွန်တော်တို့ မလိုက်နာနိုင်ပါဘူး။ အစိုးရချမှတ်တဲ့ စည်းကမ်းကိုပဲ ကျွန်တော်တို့ ပြည်သူတွေ လိုက်နာရမယ့် တာဝန်အပြည့်ရှိပါတယ်"ဟု တညင်းကုန်းစျေး၊ ရုံ(ဂ) မှ ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးကျော်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီမှ တညင်းကုန်းစျေးဟောင်းမှ စျေးဆိုင်ခန်းများကို ဇွန်လ ၂၀ ရက်နေ့တွင် ပြောင်းရွှေ့ပေးရန် အသိပေးကြေညာထားသော်လည်း အများစုမှာ ပြောင်းရွှေ့သေးခြင်းမရှိပေ။

အသိပေးကြေညာထားချက်အရ ဇွန်လ ၂၁ ရက်နေ့တွင် အဆိုပါ စျေးဟောင်းကို ပိတ်သိမ်းမည်ဖြစ်ပြီး ဝင်ပေါက် ထွက်ပေါက် ၄ ပေါက်ရှိသည့်အထဲမှ  စျေးသည်များ ပစ္စည်းပြောင်းရွှေ့နိုင်ရန်အတွက် ဝင်ပေါက်ထွက် ပေါက် တစ်ပေါက်ကိုသာ ဖွင့်ပေးထားမည်ဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required