ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ

ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


သားကြောဖြတ်ခြင်း (Vasectomy) ဆိုတာ သုက်ရည်ထဲသို့ သုက်ပိုးများဝင်ရောက်လာအောင် ပို့ဆောင်ပေးတဲ့ ပြွန်ကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သုက်ရည်ထဲမှာ သုက်ပိုးများ မပါရှိတော့တာကြောင့် သုက်လွှတ်ပြီးနောက်မှာလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိတော့ပါဘူး။ ဒီနည်းလမ်းဟာ အမျိုးသားတွေအတွက် အထိရောက်ဆုံး သန္ဓေတားနည်းဆိုလည်း မမှားပါဘူး။ ခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ သားကြောဖြတ်ခြင်းနှင့် လိင််မှုဘဝ သက်ရောက်မှုအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
သားကြောဖြတ်ပြီးနောက် ဘယ်လောက်ကြာမှ လိင်ဆက်ဆံနိုင်မှာလဲ။

သားကြောဖြတ်ဖို့ ခွဲစိတ်ထားတဲ့ နေရာမှာ အနာမကျက်မချင်း လိင်ဆက်ဆံမှုကို ရှောင်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ပြီး အနည်းဆုံး တစ်ပတ်အထိ သို့မဟုတ် ခွဲထားတဲ့နေရာမှာ ရောင်နေတာ၊ နာကျင်နေတာမျိုး လုံးဝမခံစားရတော့တဲ့အချိန်မှ လိင်ဆက်ဆံမှု ပြန်စတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ခွဲစိတ်မှု ပြီးပြီးချင်း လိင်ဆက်ဆံတဲ့အခါ ချုပ်ထားတဲ့ချုပ်ရိုးတွေက ပြန်ပြည်ပြီး ဘက်တီးရီးယားပိုးတွေ ဝင်သွားနိုင်တာကြောင့်ပါပဲ။
လိင်ဆက်ဆံတဲ့အခါ နာကျင်မှုဖြစ်နိုင်လား။

လိင်ဆက်ဆံနေစဉ် ကပ္ပယ်အိတ်တစ်ဝိုက် အနည်းငယ်နာကျင်တာ၊ သုက်ရည်ထဲမှာ သွေးစအနည်းငယ်ပါတာ၊ လိင်အင်္ဂါနဲ့ ကပ္ပယ်အိတ်မှာ အနည်းငယ်ဖောရောင်နေသလိုဖြစ်တာ၊ ကပ္ပယ်အိတ်အတွင်း သွေးခဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပြီး လိင်ဆက်ဆံမှုပြုလေ အနာကျက်နှေးလေ ဖြစ်နိုင်ပါတယ်။
သားကြောဖြတ်ပြီးပြီးချင်းမှာ ကိုယ်ဝန်ကို လုံးဝတားဆီးနိုင်ပြီလား။

အမျိုးသားအများစု သားကြောဖြတ်အပြီး သုက်ပိုးလုံးဝကင်းစင်သွားဖို့ လအနည်းငယ် စောင့်ရတတ်ပါတယ်။ အနည်းဆုံး အကြိမ် ၂ဝနဲ့အထက် သုက်လွှတ်ပြီးတဲ့အခါမှသာ သုက်ရည်ထဲမှာ သုက်ပိုးလုံးဝကင်းစင်သွားမှာဖြစ်ပြီး ကိုယ်ဝန်ကို ထိရောက်စွာ တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ ဆရာဝန်အနေနဲ့ သုက်ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲဆိုတာကို ခွဲစိတ်ကုသမှုအပြီး ၆ပတ်မှ ၁၂ပတ်အထိ ဓာတ်ခွဲခန်းမှာ သုက်ရည်ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ သုက်ပိုးကင်းရှင်းကြောင်း အတည်ပြုစာ မကျသေးသ၍ သန္ဓေတားဆေး သို့မဟုတ် ကွန်ဒုံးကို အသုံးပြုဖို့ လိုအပ်ပါတယ်။
လိင်စွမ်းဆောင်မှုပိုင်းကို ထိခိုက်နိုင်လား။

ခွဲစိတ်မှုကြောင့် လိင်စွမ်းဆောင်မှုပိုင်းကို မထိခိုက်နိုင်ပေမဲ့ မတော်တဆ ကိုယ်ဝန်ရသွားမှာ စိုးရိမ်တာ၊ မမျှော်လင့်ဘဲ ရလာတဲ့ ကို်ယ်ဝန်ကြောင့် တာဝန်ယူရတော့မယ်ဆိုတဲ့ ဝန်ပိတဲ့ စိတ်တွေ၊ သန္ဓေတားဖို့ ကုန်ကျစရိတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ နောက်ဆက်တွဲ လိင်မှုကိစ္စမှာပါ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် သားကြောဖြတ်ပြီးတဲ့အမျိုးသားတစ်ယောက်မှာ အရင်ကထက် စိုးရိမ်စိတ်နည်းသွားတတ်ပြီး လိိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်တာကို တွေ့ရှိရပါတယ်။
လိင်တံမထောင်မတ်နိုင်တာမျိုးတွေ ရှိလား။

လိင်တံထောင်မတ်နိုင်စွမ်းဟာ အမျိုးသားတစ်ယောက်ရဲ့ ကျားဟော်မုန်းနဲ့ ကျန်းမာရေးအခြေအနေပေါ်မှာ မူတည်တာဖြစ်ပါတယ်။ သားကြောဖြတ်ခြင်းဟာ သုက်ပိုးကောင်ကို သုက်ရည်ထဲမဝင်စေဖို့ ထိန်းပေးတာဖြစ်ပြီး ကျားဟော်မုန်းအပြောင်းအလဲ မဖြစ်စေတာကြောင့် ခွဲစိတ်မှုမပြုခင်မှာ ကောင်းကောင်းထောင်မတ်နိုင်တယ်ဆိုရင် ဘာမှစိတ်ပူဖို့ မလိုပါဘူး။
သုက်ရည်လွှတ်တဲ့အခါမှာရော ပြောင်းလဲမှုရှိနိုင်လား။

အထက်မှာပြောခဲ့သလိုပါပဲ၊ သားကြောဖြတ်ခြင်းဟာ သုက်ရည်ထဲကို သုက်ပိုးမဝင်သွားစေဖို့ ကာကွယ်ပေးတာဖြစ်ပြီး သုက်ရည်ရဲ့ ပမာဏ၊ အရောင်၊ အနံ့၊ သုက်လွှတ်လိုက်တဲ့ ခံစားချက် ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်စေပါဘူး။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အမျိုးသားအများစု စိုးရိမ်နေကြသလို သားကြောဖြတ်ခြင်းကြောင့် လိင်စွမ်းဆောင်ရည်၊ လိင်စိတ်ဆန္ဒ၊ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ သုက်လွှတ်တဲ့နေရာမှာ ဆိုးကျိုးမဖြစ်စေပါဘူး။ ပုံမှန်အားဖြင့် ခွဲစိတ်အပြီး တစ်ပတ် ၂ပတ်အကြာ ခွဲထားတဲ့အနာကျက်ပြီဆိုရင် ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံလို့ ရပါပြီ။ သုက်ရည်ကို စစ်ဆေးကြည့်တဲ့အခါ သုက်ပိုးကောင်ရေ ကင်းရှင်းကြောင်းထောက်ခံချက်ရလာပြီဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံလို့ ရပါပြီ။ သားကြောဖြတ်ခြင်းဟာ ကိုယ်ဝန်ကို အဓိကတားဆီးပေးတဲ့ အမျိုးသားသန္ဓေတား နည်းလမ်းဖြစ်ပြီး လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ခွဲစိတ်မှုအပြီး ၂ပတ်အကြာအထိ အလွန်အမင်းနာကျင်တာ၊ ဖောရောင်နေတာ အစရှိတဲ့ လက္ခဏာတွေ ရှိနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required