နောက်နှစ်မှာ ဒီနှစ်ထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ကိစ္စတွေ ဖြစ်အောင်၊ ပြီးမြောက်အောင်လို့ လုပ်မယ်- ဒေါ်အောင်ဆန်းစုကြည်

နောက်နှစ်မှာ ဒီနှစ်ထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ကိစ္စတွေ ဖြစ်အောင်၊ ပြီးမြောက်အောင်လို့ လုပ်မယ်- ဒေါ်အောင်ဆန်းစုကြည်
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁၉ရက်၊ ၂၀၁၉ခုနှစ်)။ ။ တစ်နှစ်အတွင်း အများအတွက် တန်ဖိုးရှိသည့် ကိစ္စများ မည်မျှ လုပ်ဆောင်ခဲ့သည်ကို ပြန်သုံးသပ်စေချင်ကြောင်း မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို တိုက်တွန်းပြောဆိုလိုက်သည်။

နေပြည်တော်ရှိ လွှတ်တော်ရေးရာကော်မတီ I-12တွင် ဇွန်လ ၁၉ရက်က ကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ပြည့် မွေးနေ့ပွဲ ပြုလုပ်ခဲ့ရာ ထိုမွေးနေ့ပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း မွေးနေ့ အမှတ်တရစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မွေးနေ့ဆိုတာကတော့ တစ်နှစ်ကြီးသွားပြီပေါ့နော်။ တစ်နှစ်တစ်နှစ်က ရွေ့လျားသွားပြီ။ အဲ့တော့ တစ်နှစ်တစ်နှစ် ရွေ့လျားသွားတဲ့အချိန်အတွင်းမှာ ပြည်သူတိုင်း၊ ပြည်သူတိုင်းကနေပြီးတော့ တစ်နှစ်အတွင်းမှာ ဘာတန်ဖိုးရှိတဲ့ဟာ ကိုယ်လုပ်ခဲ့သလဲဆိုတာ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်"

"တန်ဖိုးရှိတယ်ဆိုတာဟာ ကိုယ့်အတွက်တင် မဟုတ်ဘူးပေါ့နော်။ တခြားသူတွေ အတွက်ပါ။ အဲ့ဒါလေး သုံးသပ်ပြီးတော့ နောက်နှစ်မှာ ဒီနှစ်ထက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ကိစ္စတွေ ဖြစ်အောင် ပြီးမြောက်အောင်လို့ လုပ်မယ်ဆိုတဲ့ သန္ဓိဌာန်လေးတွေ ချပေးစေချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ မွေးနေ့ပွဲသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်ဥက္ကဌနှစ်ဦးနှင့် NLD လွှတ်တော်အမတ်တစ်ချို့ တက်ရောက်ခဲ့ကြသည်။

သမ္မတ ဦးဝင်းမြင့်က “နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ” ဟု ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကား ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကလည်း NLD အစိုးရသက်တမ်း ငါးနှစ်အတွင်း ပြုပြင်၊ ပြောင်းလဲမှုများသည် ပြည့်စုံလုံလောက်မှု မရှိသည့်အတွက် လာမည့် ငါးနှစ်သက်တမ်းတွင် အစိုးရတာဝန်ကို NLD က ဆက်လက် တာဝန်ယူစေချင်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်စေလိုကြောင်း ပြောကြားသည်။

“အခု တစ်ချို့ နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးတို့၊ လျှပ်စစ်တို့က အန်ကယ်လ်တို့က လက်ဆုပ်လက်ကိုင် ပြနေနိုင်သော်လည်း တစ်ချို့နေရာတွေမှာ ထင်ထင်ရှားရှား ဖြစ်လာတာ မရှိသေးဘူး။ ဥပမာ ပြောမယ်ဆိုရင် စီးပွားရေးမှာဆိုရင် မရှိသေးတော့ အန်ကယ်လ်တို့ အနေနဲ့ ၂၀၂ဝကနေ နောက်ထပ် ၅နှစ်လောက် ဆက်ပြီးတော့ ယူစေချင်တယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော်ဝန်ထမ်းများနှင့် NLD လွှတ်တော်အမတ်များ ပူးပေါင်းကျင်းပပေးသည့် အဆိုပါ မွေးနေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဝန်ထမ်းများကို စားစရာများ၊ အချိုပွဲများ ဒါနပြုခဲ့သလို ငြိမ်းချမ်းရေးအထိမ်းအမှတ် ဂျိုးဖြူငှက်များကိုလည်း လွှတ်ပေးခဲ့သည်။

ထို့ပြင် ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် သစ်ပင်စိုက်ပျိုးခြင်း၊ စတုဒီသာ ကျွေးမွေးခြင်းတို့အပြင် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်လည်း မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly