၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတနှင့် အတိုင်ပင်ခံ ကိုယ်တိုင်မဲဆွယ်မည်ဟုဆို

၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတနှင့် အတိုင်ပင်ခံ ကိုယ်တိုင်မဲဆွယ်မည်ဟုဆို
၂၀၁၅ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၁၉ ။        ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလရောက်ရှိပါက UEC  မှထုတ်ပြန်ထားသည့် သတ်မှတ် ချက် ဘောင်အတွင်းမှနေ၍ NLD ပါတီအတွက် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုယ်တိုင် မဲဆွယ်သွားရန် ရှိသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောဆိုလိုက်သည်။

ဇူလိုင် (၁၉) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်မြောက်မွေးနေ့ကျင်းပခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ရုံးချုပ်တွင် မီဒီယာများ ၏မေးမြန်းမှုကိုဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ၂၀၁၅ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့က ထုတ်ပြန်ခဲ့ သော ကြေငြာချက်အမှတ်  (၃၁/ ၂၀၁၅)ကို ကိုးကား၍ ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး တာဝန်ယူထားသူများဟာ ရွေးကောက်ပွဲ မဲဆွယ် ကာလမှာ မိမိရဲ့မဲဆန္ဒနယ်မြေအတွင်းဖြစ်ဖြစ် ပြင်ပ မှာပဲဖြစ်ဖြစ် မဲဆွယ်စည်းရုံးခွင့်၊ ပါတီစည်းရုံးရေး လုပ်ဆောင်ခွင့်ရှိတယ်လို့ အတိအလင်းဖော်ပြထားပါတယ်” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

အဆိုပါအခွင့်အရေးကို ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း အသုံးချပြီး ပါတီစည်းရုံးရေးများ လုပ်ဆောင်ခဲ့သည်ကိုလည်းတွေ့ရကြောင်း ၎င်းကဆိုသည်။

“အဲ့တော့ ရှေ့မှာလုပ်ခဲ့တဲ့အစဉ်အလာအရသော်လည်းကောင်း အခွင့်အာဏာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လည်းကောင်း ကျွန်တော်တို့က၊ သူတို့က မဲဆွယ်စည်းရုံးခွင့် ရှိတယ်လို့ ပြောတာပါ” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောဆိုသည်။

ထို့အပြင် နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်းမပြုရဆိုသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ဖော်ပြချက်နှင့်အတူ နိုင်ငံသားတစ်ဦးသည် လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့် ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည် ဟုဆိုသော ဖွဲ့စည်းပုံပါအချက်(၂)ခုအား ဆန့်ကျင်ခြင်းမရှိစေရန် ဂရုပြုမဲဆွယ်မည် ဟုလည်း ဆိုသည်။

“ မဲဆွယ်စည်းရုံးရေးကာလမှာ မဲဆွယ်စည်းရုံးမည်ဆိုပါက နိုင်ငံရေးလုပ်ငန်းများမှ အုပ်ချုပ်ရေး တာဝန် ကိုသုံးပြီးတော့ ဝင်ရောက်လုပ်ကိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို မသက်ရောက်ဘူးလို့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ် “ ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

အဆိုပါ UEC ၏ ကြေညာချက်အရ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ၎င်းတို့၏ မဲဆန္ဒနယ်နှင့် မဲဆန္ဒနယ်ပြင်ပတွင်ပါ မဲဆွယ်စည်းရုံးခွင့်ရှိမည်ဖြစ်ကြောင်း လည်းသိရသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီးတာဝန်ယူထားသူများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်  ရာထူးခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါ ဝင်ဆောင်ရွက်ခြင်းမပြုရဟု လည်းပြဌာန်းထားသည်။

ထို့ကြောင့် မဲဆွယ်စည်းရုံးရေးကိစ္စများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၃၁/၂၀၁၅ ကြေညာ ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး  တစ်စုံတရာ အရေးယူဆောင်ရွက်မှုများရှိလာပါက ဥပဒေအရ ပြန်လည်ခုခံသွားမည်ဖြစ်ကြောင်းလည်း NLD ဘက်မှပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly