လူမှုကွန်ရက်မှတဆင့် အိမ်မွေးခွေးဝယ်ယူရာ အလိမ်ခံရသည့် ဒုခရိုင်တရားသူကြီးက အမှုဖွင့်ထား

လူမှုကွန်ရက်မှတဆင့် အိမ်မွေးခွေးဝယ်ယူရာ အလိမ်ခံရသည့် ဒုခရိုင်တရားသူကြီးက အမှုဖွင့်ထား
 ဓာတ်ပုံ- ဦးညိုလွင်ဦး

ရန်ကုန်၊ ဇွန်လ ၁၉ ။         ။ လူမှုကွန်ရက်စာမျက်နှာ Facebook Page အွန်လိုင်းမှတဆင့် အိမ်မွေးခွေးဝယ်ယူခဲ့ရာ ကျပ်နှစ်သိန်း အလိမ်ခံခဲ့ရသည့် အတွက် ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး(၂) ဦးညိုလွင်ဦးက ၎င်းကိုယ်တိုင် သန်လျင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် မဇ္စျိမသို့ အတည်ပြုပြောသည်။

" အမှန်က ကိုယ်က ပိုက်ဆံ ၂ သိန်းကို မက်လို့ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ဒါမျိုးလိမ်နေတာလေးတွေကို ကြည့်ပြီးတော့ ဒါမျိုးကို အရေးယူစေချင်တာပါ။ ပညာပေး သဘောမျိုး။ ဒါမျိုးလိမ်လို့မရဘူး အရေးယူ ခံရမယ်ဆိုတာမျိုးကို သိစေချင်ရုံပါ။ ဒီလိုလိမ်နေတာတွေကို အဟန့်အတားမျိုး ဖြစ်ချင်လို့ တိုင်လိုက်တာ။ ပထမသတင်းပေးတိုင်ချက်နဲ့ ရဲကို အမှုသွားဖွင့်လိုက်တာပေါ့"ဟု ဒုတိယခရိုင်တရားသူကြီး(၂) ဦးညိုလွင်ဦးက ပြောသည်။

မေလ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ဥပဒေအရ အရေးယူပေးရန် တိုင်တန်းထားသည့် စာဖိုင်ကို ဒုတိယခရိုင်တရားသူကြီး(၂) ဦးညိုလွင်ဦးက ဇွန်လ ၁၈ ရက်နေ့တွင် ၎င်း၏ Facebook အကောင့်၌" တရားသူကြီးလည်း ပြည်သူတစ်ဦးပဲဆိုတာ အားလုံးကို သိစေချင်ပါတယ်။ အွန်လိုင်းမှာ ကျနော့လို အလိမ်အညာခံရတဲ့ ကျနော့ FB Friends များက အထင်ကြီးစွာနဲ့ အကူအညီ တောင်းကြတာတွေရှိပါတယ်။ ပြောနိုင်တာကတော့ နီးစပ်ရာ ရဲစခန်းမှာ အမှုဖွင့်ဖို့ပါပဲ။ အားရှိအောင် ပြောလိုက်ပါဦးမယ်။ တစ်လကြာသည်အထိ ဘာမှထူးမလာသော FIR"ဟုဆိုကာ ရေးတင်ထားခဲ့ခြင်းဖြစ်သည်။

" ဟိုဘက်က ဆက်သွယ်လာတာတော့ နှစ်ခုရှိတယ်။ ကမ်းလှမ်းတာတော့ ပိုက်ဆံပြန်ပေးပါမယ်။ လျော်ကြေး လည်းပေးပါမယ်ပေါ့။ အမှုရုပ်သိမ်းပေးဖို့ ဘာညာဆိုတော့ ကိုယ်ကလည်း ပိုက်ဆံလိုချင်လို့ မဟုတ်ဘူးလေ။ အခုနကပြောသလို တစ်နိုင်ငံလုံး လိမ်နေတာလေးတွေကို ဒီလိုလိမ်လို့မရဘူး အရေးယူခံရမယ်ဆိုတာကို သိစေချင်တာပါ။ ရဲကလည်း ဒီနေ့လာပြောတယ်။ ဒီနေ့တွေ့သွားတယ်လေ။ ကိုကိစ္စလည်း နည်းနည်းကျယ်ပြန့်သွားတယ်။ ကြိုက်သလောက်ကျယ်ပြန့်ပါစေ။ အဲ့ဒါမှ ရမှာ။ ရဲက လာပြီးတော့ ရှင်းပြသွားတယ် အဲ့ဒီ အကောင့်တွေကို ပိတ်တဲ့ကိစ္စတွေကို"ဟု ဦးညိုလွင်ဦးက ပြောသည်။

ဦးညိုလွင်ဦးက အိမ်မွေးခွေးဝယ်ယူရန်အတွက် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့၊ ညပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာတွင် Facebook Page အွန်လိုင်းမှတဆင့် ခွေးရောင်းနေသော Australian Organic Skincar Myanmar Page ကို ဆက်သွယ်ခဲ့ပြီးနောက် ကျပ် ၂ သိန်းတန် အိမ်မွေးခွေးတစ်ကောင်အား ဝယ်ယူခဲ့ကြောင်း တိုင်ကြားစာတွင် ပါရှိသည်။ ထိုသို့ ခွေးဝယ်ယူသည့် ငွေကျပ် ၂ သိန်းအား ၎င်း၏ ကမ္ဘောဇဘဏ်အကောင့်မှ တဆင့် THAL SU HTWE ဆိုသည့် ကမ္ဘောဇဘဏ်အကောင့်ထံသို့ ပေးချေခဲ့ကြောင်း၊ ထိုသို့ ငွေပေးချေပြီး မေလ ၁၇ ရက်နေ့တွင် အဆိုပါ Page မှ ဦးညိုလွင်ဦး အကောင့်ကို ban ခဲ့ပြီး Page ကိုလည်း ဖျက်သွားခဲ့ကြောင်း သိရသည်။

ဦးညိုလွင်ဦး တိုင်ကြားထားသည့် အမှု၏ လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် သန်လျင်မြို့ မရဲစခန်းကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပေ။ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး(၂) ဦးညိုလွင်ဦး၏ ပြောပြချက်အရ လက်ရှိတွင် သန်လျင်မြို့မရဲစခန်း၌ ရဲတပ်ဖွဲ့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဂ)ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဂ)မှာ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်း တစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်းအတွက် အရေးယူသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဆက်သွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required