အစိုးရပိုင်းစွက်ဖက်မှုကြောင့် ပိတ်ပင်ခံရမည်ဟု ကူဝိတ်အသင်း ဖီဖာ၏ခြိမ်းခြောက်ခြင်းခံနေရ

အစိုးရပိုင်းစွက်ဖက်မှုကြောင့် ပိတ်ပင်ခံရမည်ဟု ကူဝိတ်အသင်း ဖီဖာ၏ခြိမ်းခြောက်ခြင်းခံနေရ

အောက်တိုဘာ ၉၊ ကူဝိတ် ။           ။ အားကစားလောကတွင် သြဇာအာဏာကြီးမားသည့်ပုဂ္ဂိုလ် ရှိတ် အာမက် အယ်လ်ဖာဟတ် အယ်လ်ဆာဘတ်၏ မိခင်နိုင်ငံ ကူဝိတ်သည် ဘောလုံးအဖွဲ့ချုပ်ကို အစိုးရပိုင်းက ဝင်ရောက်စွက်ဖက်မှုကြောင့် ပိတ်ပင်ခံရမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ခြိမ်းခြောက်ခြင်းနှင့် ရင်ဆိုင် နေရသည်။

ကူဝိတ်သည် အားကစားနည်းဥပဒေသစ်တစ်ခုကို အောက်တိုဘာ ၂၇ တွင်ချမှတ်ရန်ရှိနေပြီး ယင်းမှာ ကူဝိတ်ဘောလုံးအဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့် ကို ထိခိုက်စေနိုင်သည်ဟု ဖီဖာကယူဆနေသောကြောင့် လာမည့်တစ်ပတ်တွင် ယင်းဥပဒေကိုဖယ်ရှားပစ်ရန် ဖီဖာက အချိန်ပေးထားသည်။

စက်တင်ဘာ ၂၅ တွင်ပြုလုပ်သော ဖီဖာအမှုဆောင်ကော်မတီအစည်းအဝေးတွင် "ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်ပြီးအောက်တိုဘာ ၂၇ တွင်စတင်သက်ရောက်မည့် အားကစားနည်း ဥပဒေပါ အချက်တစ်ချက်ကို ဖယ်ရှားပစ်ရန်နှင့် အောက်တိုဘာ ၁၅ အထိဖယ်ရှားခြင်းမရှိပါ က ပိတ်ပင်ခံရမည်ဟု ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို သတိပေးရန်" ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"အမှုဆောင်ကော်မတီရဲ့ဆုံးဖြတ်ချက်ကို ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ထံစာပို့ခဲ့တာကို ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်"ဟု ဖီဖာပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောသည်။

ဖီဖာသည် ဘောလုံးအဖွဲ့ချုပ်များကို အစိုးရပိုင်းကဝင်ရောက်စွက်ဖက်မှုအပေါ်လက်မခံသည့်အမြင်ရှိပြီး အာရှဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားကိုလည်း မေလအတွင်းက ပိတ်ပင်ခဲ့ရာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ခွင့်ဆုံးရှုံးခဲ့သည်။

၂၀၀၇ နှင့် ၂၀၀၈ တွင်နှစ်ကြိမ်ပိတ်ပင်ခံရဖူးသည့် ကူဝိတ်သည် တတိယအကြိမ်မြောက်အဖြစ် ပိတ်ပင်ခံရမည်ဆိုပါက ယင်းဆုံးဖြတ်ချက်ကို ဖီဖာဥက္ကဋ္ဌသစ်ရွေးချယ်မည့် ၂၀၁၆ ဖေဖော်ဝါရီတွင် ချမှတ်ခံရမည်ဖြစ်သည်။

ရှိတ် အာမက် သည် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ကူဝိတ်ဘောလုံးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ ဖီဖာအမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် ကူဝိတ်အမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ ဖြစ်သည်။

ကူဝိတ်လက်ရွေးစင်အသင်းသည် လက်ရှိတွင်ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု (ဇ)တွင် တောင်ကိုရီးယား၊ လက်ဘနွန်၊ မြန်မာ၊ လာအိုအသင်းတို့ နှင့် ကစားနေပြီး အုပ်ဟုအဆင့် ၂ နေရာတွင်ရပ်တည်နေသည်။

Ref; ရိုက်တာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly