ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် မကွေးတွင် သစ်ပင်ပျိုးပင်(၁၅၀၀၀)ကျော် စိုက်ပျိဳး

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် မကွေးတွင် သစ်ပင်ပျိုးပင်(၁၅၀၀၀)ကျော် စိုက်ပျိဳး
ဓာတ်ပုံ - ဇော်ဝင်း

မကွေး၊ ဇွန် ၁၉ ။           ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ(၁၉)ရက်နေ့က မကွေးတိုင်းဒေသကြီးရှိ(၂၅)မြို့နယ်တွင် သစ်ပင်ပျိုးပင်(၁၅၀၀၀)ကျော်ကို စိုက်ပျိုး ခဲ့ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနက သိရသည်။

“မိုးရာသီကာလလည်းဖြစ်တယ်။ မိုးရာသီလူထုသစ်ပင်စိုက်ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ အမှတ်တရအထိမ်းအမှတ်ပွဲအဖြစ် ဒီနေ့ဇွန်လ(၁၉)ရက်နေ့မှာ မကွေးတိုင်းအတွင်းရှိမြို့နယ်အားလုံးမှာ တစ်ရက်တည်း တစ်ချိန်တည်း သစ်ပင်ပျိုးပင်(၁၅)မျိုးခန့် အပင်အရေအတွက်(၁၅၀၀၀)ကျော် စိုက်ပျိုးကြပါတယ်” ဟု တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၄)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်တွင် သစ်ပင်ပျိုးပင်(၁၃၀၀)၊ ပခုက္ကူခရိုင်တွင် သစ်ပင်ပျိုးပင်(၅၅၀၀)၊ မင်းဘူးခရိုင်တွင် သစ်ပင်ပျိုးပင်(၁၈၄၀)၊ သရက်ခရိုင်တွင် သစ်ပင်ပျိုးပင်(၂၆၉၀)၊ မကွေးခရိုင်တွင် သစ်ပင်ပျိုးပင် (၃၉၄၀) စုစုပေါင်း သစ်ပင်ပျိုးပင်(၁၅၀၀၀)ကျော်ကို တစ်ရက်တည်း တစ်ချိန်တည်း လူထု အားဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါသစ်ပင်များစိုက်ပျိုးရာတွင် NLD ပါတီဝင်များ လွှတ်တော်ကို်ယ်စားလှယ်များ ဌာနဆိုင်ရာများ နှင့် ပြည်သူလူထုတို့ ပူးပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
၂၀၁၇-၁၈ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအဖြစ် သစ်ပင်ပေါင်း (၈၉၇၅၂၈)ပင် စိုက်ပျိုးခဲ့ပြီး ၂၀၁၈-၁၉ခုနှစ်တွင် သစ်ပင်ပျိုးပင်ပေါင်း (၉၀၀၀၀၀)ကို လျာထားစိုက်ပျိုးသွားမည်ဟု တိုင်းသစ်တောဦးစီးဌာနမှ သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required