၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်အတွက် လာဘ်စားမှုနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ယူအီးအက်ဖ်အေ အကြီးအကဲဟောင်း ပလာတီနီ

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်အတွက် လာဘ်စားမှုနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ယူအီးအက်ဖ်အေ အကြီးအကဲဟောင်း ပလာတီနီ
Photo: EPA

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)အကြီးအကဲဟောင်း မစ်ချယ် ပလာတီနီဟာ  ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ပြုလုပ်ခွင့်အတွက် ကာတာနိုင်ငံကနေ လာဘ်ယူခဲ့တယ်ဆိုတဲ့ ပြစ်ချက်ကြောင့် အင်္ဂါနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၀၇ ခုနှစ်က ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ပြင်သစ်ဂန္တဝင်ကစားသမားကြီး ပလာတီနီဟာ ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လုပ်ဆောင်ပေးမှုအတွက် ယနေ့မနက်ပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့တဲ့ အဆုံးအဖြတ်မှာ အလာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့တယ်လို့ အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာဆီကတဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရဖို့ လာဘ်ငွေပေးချေရန် ကမ်းလှမ်းခဲ့တဲ့ အီးမေးလ်တစ်စောင်ပေါက်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အသက် (၆၃) နှစ်အရွယ်ရှိ ပလာတီနီဟာ ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာရဲ့ ညွှန်ကြားချက်အရ ပေါင် (၁.၃၅)သန်းအထိ လက်ခံရယူခဲ့လို့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ဘောလုံးလောကကနေ (၈)နှစ်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အယူခံဝင်ရာ (၄)နှစ် လျော့ကျသွားခဲ့ပါတယ်။ ဘလတ္နာကိုယ်တိုင်လည်း (၄)နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

ပလာတီနီကတော့ သူ့အနေနဲ့ ဘယ်လိုအမှားအယွင်းကိုမှ မကျူးလွန်ဘူးလို့ ငြင်းဆိုထားခဲ့ပြီး တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

ပလာတီနီဟာ ဘလွန်းဒီအောဆုကို (၃)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ဖူးပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ (၈)နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required