ပါတီတံဆိပ်များ ရိုက်နှိပ်မှု များပြားခြင်းကြောင့် လုပ်ငန်းရှင်များ နေ့မအား ညမနား လုပ်ကိုင်နေရ

ပါတီတံဆိပ်များ ရိုက်နှိပ်မှု များပြားခြင်းကြောင့် လုပ်ငန်းရှင်များ နေ့မအား ညမနား လုပ်ကိုင်နေရ

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပါတီပေါင်း ၉၀ ကျော် စာရင်းပေးသွင်းထားသည် ဖြစ်ရာ ပါတီအသီးသီး၏ မဲဆွယ်စည်းရုံးရေးတွင် လိုအပ်သည့် ပါတီတံဆိပ်၊ အလံ၊ အင်္ကျီ၊ ဦးထုပ် တို့အတွက် တံဆံရိုက် လုပ်ငန်းများကို နေ့မအား ညမနား လုပ်ဆောင်နေရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။ “အော်ဒါကတော့ တော်တော်များများ ရပါတယ်။ ပထမကတော့ ပုံမှန်ပဲပေါ့၊လုပ်နေရတာ။ အခု ရွေးကောက်ပွဲ နီးလာတဲ့အခါကျတော့ မအိပ်မနေတော့ လုပ်နေရတာပဲလေ။ အိပ်ချိန်တောင် မရှိဘူး” ဟု ရန်ကုန်မြို့တွင် တံဆိပ်ရိုက်လုပ်ငန်းရှင် ဒေါ်တင်မော်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းသာမကဘဲ နယ်ဘက်မှလည်း အမှာစာများ ရရှိလုပ်ကိုင်နေရသည်ဟုလည်း တက်လမ်း တံဆိပ်ရိုက်လုပ်ငန်းရှင် ဦးဆွေရီက ပြောသည်။ “ရန်ကုန် တစ်ခုတည်းတော့ မဟုတ်ဘူးပေ့ါနော်။ နယ်တွေကလည်း အော်ဒါတွေက ဆင်းတယ်။နယ်အော်ဒါ တွေကလည်း များတယ်။ တခါပေးလို့ရှိရင် တော်တော်များများ အော်ဒါ ပေးရပါတယ်။ တနေ့ထက်တနေ့က စံချိန်က တက်လာတာပဲ ရှိတယ်။ မလျော့ကျသွားဘူး။ အဲလောက်အထိ ရောင်းရတာ။

အဲလောက်ထိ အလုပ်လုပ်ရတာ” ဟု ပြောသည်။ တံဆိပ်ရိုက် လုပ်ငန်းများတွင် သက်ဆိုင်ရာ ပါတီတံဆိပ်ပါသည့် တီရှပ်ဆိုဒ်မျိုးစုံကို လက်ခံရိုက်နှိပ်ရမှု ပိုမို များပြားနေသည်။အချို့ပါတီများမှာမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် မဲဆွယ်စည်းရုံးပွဲမစခင် စက်တင်ဘာလ မတိုင်မီကတည်းက အထည်ပေါင်း သောင်းချီ မှာယူမှုများ ရှိခဲ့သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ဈေးကွက် ဝယ်လိုအား မြင့်တက်မှုနှင့်အတူ ဈေးနှုန်းလည်း မြင့်တက်လာခဲ့ရာ တီရှပ် အင်္ကျီတစ်ထည်ကို ၁၀၀၀ ကျော်အထိ ရှိလာခဲ့သည်ဟု ကြွယ်ကြွယ် တံဆိပ်ရိုက်လုပ်ငန်းရှင် ဒေါ်တင်တင်စိန်က ဆိုသည်။ “မနှစ်ကတော့ အန်တီတို့ ဝယ်ရမယ်ဆိုရင် တစ်ထည်ကို ၉၀၀ နဲ့ ဝယ်ရတယ်။ ဒီနှစ်ကျတော့ ၁၁၅၀နဲ့ ဝယ်ရတယ်။ အန်တီတို့ မနှစ်က ရိုက်ခက အဖြူဆိုရင် ၁၁၅၀ နောက် အစိမ်းရောင် ဘာညာဆိုရင် ၁၂၅၀ အဲလိုဝယ်ရတယ် မနှစ်က ၁၀၀၀ အောက်မှာပဲရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပါတီများ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ကြေညာပြီးနောက်မှာတော့ ပါတီအသီးသီး၏ မဲဆွယ် စည်းရုံးမှုများ စတင်လာခဲခြင်းနှင့်အတူ တံဆိပ်ရိုက် လုပ်ငန်းများလည်း အရှိန်အဟုန် ကောင်းလာခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလကထက် လုပ်ကိုင်ရသည့် အထည်အရေအတွက် နည်းပါးနေသေးသည်ဟုလည်း လုပ်ငန်းရှင် အချို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly