မြန်မာ့စီးပွားရေး အရှိန်ပြန်ရလာဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

မြန်မာ့စီးပွားရေး အရှိန်ပြန်ရလာဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြ

ရန်ကုန်၊ဇွန် ၁၈ ။       ။ မြန်မာ့စီးပွားရေးအခြေအနေသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး အရှိန်ပြန်ရလာကြောင်းကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈/၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏  စီးပွားရေးတိုးတက်မှုနူန်းသည် ၆.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများက အဓိက ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသည်။

“ GDP (တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှု)က ပြီးခဲ့တဲ့ ၆ လပတ်တုန်းက ၆.၄ ရာခိုင်နှုန်းပဲ တက်တယ်။ အခုဒီနှစ်မှာ ၂၀၁၈/ ၂၀၁၉ ဘဏ္ဍာနှစ်မှာကြတော့ ၆.၅ ရာခိုင်နှုန်းပဲ တက်မယ်ဆိုတော့ ၁ ရာခိုင်နှုန်းပဲ တက်တယ်ဆိုတော့ တက်တော့တက်တယ်။ ဒါပေမယ့် တက်တာ နှေးတယ်ပေါ့။ ဒါ သူတို့ရဲ့တွေ့ရှိချက်” ဟု ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် က ပြောသည်။

ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ဇွန် ၁၈ ရက်နေ့ ပြုလုပ်ခဲ့သော “ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ” မိတ်ဆက်ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အထည်ချုပ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအပြင် လက်လီနှင့်လက်ကားရောင်းဝယ်ရေး လုပ်ငန်းများ အရှိန်ပြန်ရလာသောကြောင့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်းဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်မှ ဆိုသည်။

ငွေလဲလှယ်မှုနှုန်းထားတည်ငြိမ်လာခြင်းနှင့် လောင်စာဆီစျေး ကျဆင်းလာခြင်းများကြောင့် ငွေကြေးဖောင်းပွမှု နှုန်းသည်၂၀၁၈ ခုနှစ်က ၈.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင်  ၆.၁ ရာခိုင်နှုန်းအထိ ပြန်လည် ကျဆင်းလာသည်ဟု တွေ့ရှိရသည်။

သို့သော်လည်း ကုန်စျေးနှုန်းနှင့် လောင်စာဆီစျေးနှုန်းများ မတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၉ ခုနှစ် မတ်လလောက်အထိ ၆.၅ ရာခိုင်နှုန်းပဲရှိနေခဲ့ပြီး ပြန်လည်တည်ငြိမ်လာသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများဆိုးရွားနေသော်လည်း မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၆.၇ ရာခိုင်နှုန်း အထိ တိုးတက်လာမည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရှိန်နှေးကွေးနေခြင်း၊ ကုန်သွယ်ရေးစစ်ပွဲ ပိုပြီးတင်းမာလာခြင်းများအပြင် အီးယူမှ ကုန်သွယ်မှု အထူးအခွင့် အရေး ရုပ်သိမ်းနိုင်သည့် အလားအလာများအပါအဝင် စွမ်းအင်စျေးနှုန်း အတက်အကျများကြောင့် စိန်ခေါ်မှုများရှိနေနိုင်သေးသည်ဟုလည်း ယင်းအစီရင်ခံစာအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required