ဓာတုလက်နက်ပိတ်ပင်ရေးစာချုပ်အဖွဲ့မှ လာစစ်ဆေးလျင် အဆင်သင့်ဖြစ်စေရန် ဆွေးနွေး

ဓာတုလက်နက်ပိတ်ပင်ရေးစာချုပ်အဖွဲ့မှ လာစစ်ဆေးလျင် အဆင်သင့်ဖြစ်စေရန် ဆွေးနွေး
Photo Myanma Alinn

အောက်တိုဘာ ၉ ရက် ။          ။ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ဆိုင်ရာအဖွဲ့ OPCW မှ စစ်ဆေးရေးအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် စစ်ဆေးလျင် အဆင်သင့်ဖြစ်စေရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်အား နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

အောက်တိုဘာ ၈ ရက် ယင်းအစည်းအဝေး၌ OPCW အဖွဲ့အစည်းက Inspection နှင့် ပတ်သက်ပြီး လာရောက် စစ်ဆေးမည့် စစ်ဆေးရေးအဖွဲ့ဝင်များ၏ စာရင်းကိုလက်ခံရရှိထားပြီဟု သိပ္ပံနှင့် နည်းပညာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်ပြောသည်ကို နိုင်ငံပိုင်သတင်းစာက ဖော်ပြသော်လည်း လာစစ်မည့်နေ့ရက်ကိုမူ မတွေ့ရပါ။

' အဆိုပါ စစ်ရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကနဦးကြေညာချက်နှင့် နှစ်စဉ်ကြေညာချက်မှ ဖော်ပြထားသည့်အတိုင်း စစ်ဆေးခံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်' ပြောကြားခဲ့သည်။

CWC အရ မြန်မာနိုင်ငံမှ ဆောင်ရွက်ရမည့် နှစ်စဉ်ကြေညာချက်ပြုလုပ်နိုင်ရန် တားမြစ်ကန့်သတ်ထားသည့် ဓာတုပစ္စည်းများအနက် Schedule 1 Chemicals စာရင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ လက်ခံရရှိပြီး OPCW ထံသို့ ပေးပို့နိုင်ရန် ဆောင်ရွက်နေသည်ဟု ဒုတိယဝန်ကြီးက နေပြည်တော်အစည်းအဝေး၌ ပြောသည်။

နောက်ထပ် Schedule 2 နှင့် Schedule 3 ပုံစံများကိုလည်းဖြည့်သွင်းပြီး OPCW ထံသို့ပေးပို့နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ အချိန်ပေးပို့စေလိုကြောင်း ဝန်ကြီးကမှာကြားသည်။

မြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားသည့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်အရ 'ဓာတုလက်နက်များ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ စုဆောင်းခြင်းနှင့် လွှဲပြောင်းခြင်း' တို့ကို တင်ကျပ်စွာတားမြစ်ထားသည်။

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (Chemical Weapons Convention-CWC) ကို မြန်မာနိုင်ငံက ၁၉၉၃ ခုတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခု ဇူလိုင် ၈ ရက် ၌ စာချုပ်တွင် အတည်ပြုပါဝင်လာခြင်းဖြစ်ပြီး ၁၉၁ နိုင်ငံမြောက် စာချုပ်ဝင်နိုင်ငံ ဖြစ်လာသည်။

ဇူလိုင်လအတွင်း စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် မြန်မာနိုင်ငံအား OPCW ၏ ဌာနချုပ်ရှိရာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ ကြိုဆိုရာတွင် OPCW ညွှန်ကြားရေးမှူးချုပ်က "မြန်မာနိုင်ငံက အခုလိုအဖွဲ့ဝင်ဖြစ်လာတဲ့ အတွက် ကမ္ဘာလုံးဆိုင်ရာ ဓာတုလက်နက်ဆန့်ကျင်ပိတ်ပင်ရေးမှာ ထိရောက်တဲ့အားတစ်ခုဖြစ်လာမှာပါ။ အထူးသဖြင့် အာရှဒေသအတွက်ဖြစ်ပါတယ်။" ဟု ပြောဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း "စာချုပ်ပါစည်းကမ်းချက်တွေကို မြန်မာနိုင်ငံက အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်သွားမှာပါ။ ဓာတုလက်နက် အပြည့်အဝကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်စေဖို့ကိုလည်း တစ်ခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။" ဟု မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags