ဆီးပူညောင်းကျရောဂါအကြောင်း သိကောင်းစရာများ

ဆီးပူညောင်းကျရောဂါအကြောင်း သိကောင်းစရာများ

ရေးသားသူ Dr. Ye Mhan Linn

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ဆီးပူညောင်းကျရောဂါဆိုတာ ဘာလဲ

ဆီးပူညောင်းကျရောဂါဆိုတာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ၄င်းကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးမွှားကို Neisseria gonorrhoea လို့ ခေါ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုတို့မှာ လိင်ဆက်ဆံရာကတဆင့် တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်သလို ကလေးမီးဖွားစဉ်အချိန်အတွင်း ရောဂါရှိသူ မိခင်ကတဆင့် ရင်သွေးဆီ ကူးစက်တတ်ပါတယ်။
ဆီးပူညောင်းကျရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

လူအများစုဟာ ရောဂါကူးစက်ခံရပြီးပြီးချင်း ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး အနည်းဆုံး ၂ရက်ကနေ ၁ဝရက်ကြာတဲ့အခါမှ လက္ခဏာပြလေ့ရှိသလို အချို့လူတွေမှာ ရက်ပေါင်း ၃ဝလောက်ကြာမှ လက္ခဏာပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထများတဲ့ ဆီးပူညောင်းကျရောဂါ လက္ခဏာတွေကတော့

  •     မိန်းမကိုယ်မှ စိမ်းဝါရောင် သို့မဟုတ် အဖြူရောင် အရည်ဆင်းခြင်း
  •     ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲခြင်း
  •     ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
  •     မျက်စိနီရဲပြီး ယားယံခြင်း
  •     လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း
  •     မိန်းမကိုယ်ဝ ရောင်ရမ်းခြင်း
  •     ပါးစပ်မှလိင်ဆက်ဆံချိန်တွင် လည်ချောင်းတွင်း ပူစပ်ပူလောင်ခံစားရခြင်း၊ ဂလင်းများရောင်ရမ်းခြင်း

မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ အရည်ဆင်းခြင်းဟာ ဆီးပူညောင်းကျရောဂါမဟုတ်ဘဲ အခြားရောဂါတမျိုးမျိုးရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ဆရာဝန်ဆီမှာ ရောဂါရှာဖွေစစ်ဆေးပြီး မှန်ကန်သင့်တော်တဲ့ကုသမှု ခံယူတာက သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထများတဲ့ ဆီးပူညောင်းကျရောဂါ လက္ခဏာတွေကတော့

  •     လိင်တံမှ စိမ်းဝါရောင် သို့မဟုတ် အဖြူရောင် အရည်ထွက်ခြင်း
  •     ဆီးသွားတိုင်း ပူလောင်သည့်ဝေဒနာ ခံစားရခြင်း
  •     ပါးစပ်မှလိင်ဆက်ဆံချိန်တွင် လည်ချောင်းတွင်း ပူစပ်ပူလောင်ခံစားရခြင်း၊ ဂလင်းများရောင်ရမ်းခြင်း
  •     ဝှေးစေ့များ နာကျင်ရောင်ရမ်းခြင်း

အဆိုပါလက္ခဏာတွေဟာ ရောဂါကူးစက်ခံရပြီး ၂ရက် မှ  ၁၄ရက်အတွင်း ပေါ်လာတတ်ပါတယ်။
ဆီးပူညောင်းကျရောဂါရဲ့ အန္တရာယ်တွေက ဘာတွေလဲ

ဆီးပူညောင်းကျရောဂါဟာ သင့်တော်တဲ့ကုသမှု မခံယူရင် သင့်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားအိမ်၊ သားဥပြွန်၊ သားဥအိမ်တွေအထိ ရောဂါပိုး ပျံ့နှံ့သွားနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရင်သွေးငယ်ကို ထိခိုက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရသူ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သွေးငယ်ဟာ ဦးနှောက်နဲ့ ဗဟိုအာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အမှေးရောင်ရမ်းခြင်း၊ မျက်စိပိုးဝင်ပြီး အမြင်အာရုံဆုံးရှုံးခြင်း စတဲ့ ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။

အမျိုးသားတွေမှာတော့ သုတ်ပို့ပြွန်ဆီ ရောဂါပိုးပျံ့နှံ့သွားတတ်ပြီး ဝှေးစေ့တဝိုက်မှာ နာကျင်ရောင်ရမ်းမှုဝေဒနာ ခံစားရတတ်ပါတယ်။

ဒီရောဂါဟာ အရိုးအဆစ်တွေနဲ့ သွေးထဲအထိပါ ပျံ့နှံ့နိုင်ပြီး ရောဂါရှိသူတွေဟာ အိတ်ချ်အိုင်ဗီပိုး ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

ဆီးပူညောင်းကျရောဂါကို ဘယ်လိုကုသရမလဲ

ဆီးပူညောင်းကျရောဂါကို ပိုးသတ်ဆေး သောက်ဆေး သို့မဟုတ် ထိုးဆေး အသုံးပြုပြီး ကုသရမှာ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူကိုသာမက ၄င်းရဲ့အဖော်ဖြစ်သူ (လိင်ကိစ္စရင်းနှီးမှုရှိသူ) ကိုပါ တပြိုင်တည်းကုသဖို့ လိုအပ်ပါတယ်။

ဆေးကုသမှု ခံယူနေစဉ်ကာလအတွင်း အောက်ပါလမ်းညွှန်ချက်တွေကို သတိပြုလိုက်နာဖို့ အရေးကြီးပါတယ်။

ဆေးကုသမှု မပြီးဆုံးခင် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ

လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံးအသုံးပြုပါ

ဆီးပူညောင်းကျရောဂါဟာ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်တဲ့အတွက် မိမိမှာ ရောဂါပိုးကူးစက်ခံထားရကြောင်း မိမိအဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။

ဆီးပူညောင်းကျရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်ဖို့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အလေ့အကျင့်တွေရှိဖို့ အရေးကြီးပါတယ်။ အကန့်အသတ်ဖြင့်သာ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးမရှိသူ အဖော်တစ်ဦးတည်းနှင့်သာ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းအားဖြင့် ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်တားဆီးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly