အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၏ မူဝါဒ သဘောထား

အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၇ ။          ။ အမျိုးသာညီညွတ်ရေးကွန်ဂရက်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာလှမြင့်နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းတို့က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ  ၇ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မဲဆန္ဒရှင်အပေါင်းတို့ခင်ဗျား-

ကျွန်တော်က အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာလှမြင့်ဖြစ်ပါတယ်။ အခုကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးမှာ ကျွန်တော်တို့ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့က လွှတ်တော်အသီးသီးအတွက်ကိုယ်စားလှယ်လောင်း ၁၂ ဦးကို ရွေးချယ်ခဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားခဲ့ပါတယ်။ ခြောက်ယောက်သာခွင့်ပြုချက်ရပြီး ခြောက်ယောက်ကတော့ အပယ်ခံ ရလို့အယူခံတင်ခဲ့တာမှာ လေးဦး အောင်မြင်ခဲ့ပါတယ်။ ပေါင်း ၁၀ ယောက်ခွင့်ပြုချက်ရခဲ့တာကြောင့် ကိုယ်စားလှယ်လောင်းအသီးသီးဟာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေကြပါပြီ။ ကော်မရှင် ကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ။

ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်တွေ အရွေးခံရလို့ လွှတ်တော်အသီးသီးကိုရောက်သွားကြတဲ့အခါ ကျွန်တော်တို့ လူနည်းစုတွေ ဆုံးရှုံးနေရတဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှမှုနဲ့တရားမျှ တမှုတွေကိုရနိုင်ဖို့လွှတ်တော်တွေမှာ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် လွှတ်တော်အသီးသီးကို ရောက်လာကြမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုယုံကြည့်တဲ့သူ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို လိုလားကြသူ ကိုယ်စားလှယ်တွေ၊ညီနောင်တိုင်းရင်းသား ကိုယ်စားလှယ် တွေနဲ့အတူ တွဲဖက်ပြီး လွတ်လပ်တဲ့ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့ ကြိုးစားကြမယ်လို့ ရည်မှန်းပါတယ်။

ကျွန်တော်တို့ပါတီရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းက တင်ပြမှာ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အနာဂတ်မြန်မာနိုင်ငံတော်သစ်ကို ပုံဖော်နိုင်ဖို့အတွက် နောက်တစ်ကြိမ်အခွင့်အရေးရဖို့ ခဲယဉ်းလှတဲ့ အခြေအနေမှာ ဆန္ဒမဲတစ်ပြားစီကို ထိုက်ထိုက်တန်တန်ကိုင်ဆောင်ထားကြတဲ့ မိဘပြည်သူ၊ အလုပ်သမား၊ လယ်သမား၊ လက်လုပ်လက်စား၊ ကျောင်းသားလူငယ်အပေါင်းတို့ခင်ဗျား- လေးစားစွာ ဂုဏ်ပြုနှုတ်ခွန်းဆက်သလိုက်ပါတယ်...ငြိမ်းချမ်းခြင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ...။

ကျွန်တော်တို့ပါတီဖြစ်စဉ်အကျဉ်းကို အကျဉ်းကို အမြွက်မျှ တင်ပြပါရစေ။ လက်ရှိ အမျိုး သားညီညွတ်ရေးကွန်ဂရက်ပါတီဟာ ၂၈-၂-၂၀၁၂ နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ဒီပါတီနာမည်နဲ့ပဲ

ရွေးကောက်ပွဲ ဝင်ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာတစ်နိုင်ငံလုံး တစ်စု၊တစ်စုစီပြန့်ကျဲနေတဲ့ မွတ်စလင်တွေကို တစ်စုတည်းစုပြီး လွတ်လပ်ရေးအတွက် နိုင်ငံရေးအင်အားတစ်ရပ်အနေနဲ့ ထူထောင်ဖို့ ဆရာကြီးဦးရာဇတ်ကို ဗိုလ်ချုပ်က တိုက်တွန်းတာကြောင့် 'ဗ မ က'  ဗမာမွတ်စလင် ကွန်ဂရက်ကို ဖွဲ့စည်းပြီး  'ဖဆပလ' အဖွဲ့ချုပ်ကြီးရဲ့ တပ်ပေါင်းစုဝင်အဖြစ်နဲ့ ပူးပေါင်းပါဝင်ခဲ့ ပါတယ်။ တောင်ပေါ်မြေပြန့်မခွဲတဲ့ စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ်ကြီးကိုလည်းချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ လွတ်လပ်ရေးကြီးကိုလည်း အရယူနိုင်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း 'ဗမက'ဟာ 'ဖဆပလ'ရဲ့မဟာမိတ်အဖြစ်နဲ့ ၁၉၅၆ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံရေးစာမျက်နှာမှာ အထင်ကရလှုပ်ရှားပြီးပြည်တွင်းငြိမ်းချမ်းရေး၊ စစ်ပြီးကာလ ပြန်လည်ထူထောင်ရေးနဲ့ စက်မှုထုတ်ကုန် တိုးမြှင့်ရေးတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်နိုင်ငံအားလုံးလိုလိုက မော့ကြည့်ရတဲ့ထိ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ပါတီဖျက် ပြီး နောက်တစ်နေ့ အောက်တိုဘာ ၁ မှာ 'ဗမက (သစ်)' လို့ ပြန်ဖွဲ့သူတွေကဖွဲ့သလို ၁၉၆၁ မှာ 'ဗပက' ကို ဖွဲ့ပြီး၊ 'ပမညတ'အဖွဲ့ကြီးနဲ့ မဟာမိတ်ဖွဲ့ အတိုက်အခံနိုင်ငံရေးအုပ်စုအဖြစ်လှုပ်ရှားခဲ့ပါတယ်။ ၁၉၆၄ မှာ 'မဆလ' တစ်ပါတီစနစ် တည်မြဲဖို့အတွက် ကျန်ပါတီ တွေအားလုံးကို ဖျက်သိမ်းလိုက်ရာမှာ 'ဗမက(သစ်)'ရော၊ 'ဗပက' ပါ ပါသွားခဲ့ရပါတယ်။

ဥတုသုံးလီ (၂၆)ကြိမ်ပြောင်းပြီးတဲ့နောက်မှာတော့ နိုင်ငံရေးရာသီဥတုတစ်ခုကြုံလာတဲ့အခါ ၁၉၉၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ပြီး မှတ်ပုံတင်ခဲ့ပေမယ့်သမိုင်းရှိခဲ့တဲ့ အရင်နာမည်တွေကို သုံးခွင့် မပြုတာကြောင့် ' အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ' (UNC) အမည်နဲ့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ရပါတယ်။နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းခဲ့ပြီး တစ်ဖန် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီတွေပြန်တည်ထောင်ကြတော့လည်း လေးသံကို နားထောင်ရင်း စောင့်ကြည့်နေခဲ့ရတာကြောင့် ၂၀၁၂ မှာမှ မှတ်ပုံတင်နိုင်ခဲ့တာပါ။ ဒါတောင်မှ အရင်သမိုင်းက အမည်ဟောင်းတွေကို ပြန်သုံးခွင့်မရဘဲ ''အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ'' (UNC)အမည်ကိုသာ သုံးခဲ့ရတာပါ။

အတိတ်သမိုင်းကို ပြန်ကြည့်ရင် နိုင်ငံရေးရာသီဥတုကိုလိုက်ပြီး အမည်တွေ ပညတ်တွေ ဘယ်လိုပဲပြောင်းပြောင်း နိုင်ငံတော်ထူထောင်ရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ပြည်သူတွေအားလုံးနဲ့အတူ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ခွင့်တူညီမျှ မခြားမနားခံစားခဲ့ကြသိလို နိုင်ငံတော်လည်း တင့်တယ်ခဲ့ရပါတယ်။ ခုအခါမှာလည်း နိုင်ငံတော်ရဲ့ အရေးကိစ္စဟူသမျှမှာ အရင်ကနဲ့မခြား၊ ကာကွယ်ရေး၊ တည်ဆောက်ရေးနဲ့ဖွံ့ဖြိုး ခေတ်မီရေးကိစ္စတွေမှာ အားလုံးနဲ့အတူ ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ တိုင်းပြည်အတွက် တကယ်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ကြီးမားတဲ့ကျွန်တော်တို့ လူမှုအစုအဖွဲ့တွေကို ကျွန်တော်တို့  UNC ပါတီအနေနဲ့ သန်းခေါင်စာရင်းကောက်ကာလက ထိတွေ့သိရှိခဲ့ရတာကြောင့်၊ အသုံးမတည့်ဘဲ အဟောသိကံ မဖြစ်စေချင်ပါ။

ကိုယ့်နိုင်ငံအနီအနားက ရှေ့တန်းကိုရောက်နေကြတဲ့ နိုင်ငံတွေမှာ " ခြားနားမှုရှိသော်ငြားလည်း အားထားရသူတွေ'' အဖြစ် ဖန်တီးပေါင်းစပ်နိုင်ခဲ့ကြလို့သာ အကျိုးရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီလို ကြီးမားလှတဲ့ လူ့အစုအဝေးကြီးတစ်ရပ်ကို ပစ်ပယ်ထားဖို့မှုရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာဆိုရင်တော့ တကယ့်ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ခုလို မြန်မာပြည်အနှံ့တောင်ပေါ်မြေပြန့် မကျန်ရေတွေကြီးကြရာမှာ အဆီးအတားတွေအားလုံးပျောက်ပြီး ငါ့ဆီသူလာ၊ သူ့နေရာ ငါရောက် မကွဲမပြား ဝိုင်းကူကြတာ အကျိုးရှိလိုက်တာ။ အားရဝမ်းသာစရာပါ။

 တိုင်းပြည်အတွက် အားလုံးနဲ့အတူ ဝိုင်းကူဆောင်ရွက်ဖို့ အားသန်တာမှာကျွန်တော်တို့အနေနဲ့ NEGATION OF NEGATION ဆန့်ကျင်ခြင်းကို ဆန့်ကျင် ခြင်းနည်းကို သုံးမှာမဟုတ်ပါဘူး။ အပြန်အလှန် နားလည်မှုရအောင် ပူးပေါင်း ဆောင်ရွက်တဲ့နည်း၊ အပြန်အလှန် သိမှတ်နားလည်မှုပေးခြင်းကို စိတ်ရှည် လက်ရှည်လုပ်တဲ့နည်း၊ မေတ္တာပေး၊ မေတ္တာယူတဲ့နည်းနဲ့ မုန်းခြင်းမပါ၊ ချစ်ခြင်းကိုသာ ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ငါတို့ စိတ်တူကိုယ်တူ ကြိုးစားကြမယ်ဆိုတဲ့ ယုံကြည်ချက်စိတ်နဲ့ ၂၀၁၅ ခု ဖေဖော်ဝါရီ ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ ပြည်လုံးကျွတ်ညီလာခံကြီးခေါ်ယူပြီးပါတီရဲ့မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး ဒီရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား-

လူတိုင်းလူတိုင်းဟာ သဘာဝတရားအရ ညီတူညီမျှ မွေးဖွားလာကြပါတယ်။ မြန်မာပြည်သားအားလုံး ခွင့်တူညီမျှရှိပါမှ ညီညွတ်မှုကို ရကြပါမယ်။ လူမျိုးစုအားလုံးဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးနိုင်ရပါ့မယ်။ လူ့တန်ဖိုးနဲ့လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး လူ့အခွင့်အရေးပြည့်ဝ၊ လူမျိုးဘာသာ၊ ရာထူးဂုဏ်သိမ်၊ လိင်မခွဲတဲ့ဝါဒ၊ နေရာလပ်မကျန်၊ ပြည်လုံးအနှံ့သက်ရောက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်ရပါမယ်။

အားကြီးတဲ့လူမျိုးက အားနည်းတဲ့လူမျိုးကို နှိပ်ကွပ်၊ အာဏာလက်ရှိက အာဏာလက်မဲ့ကို ဖိနှိပ်၊ အောက်ခြေပြည်သူကို လျစ်လျုရှုပြီး အထက်အုပ်ချုပ်ရေး အာဏာကို အရယူကာ အောက်ခြေပြည်သူ သဘောမတူဘဲ သယံဇာတတွေကို ထုတ်ယူ၊ လည်သူတွေက ရိုးသူတွေအပေါ် အမြတ်ထုတ်၊ ကြားခံကိရိယာမျိုးစုံကို သုံးပြီး လှည့်ပတ်၊ နေမြဲနေစေ၊ နိမ့်မြဲနိမ့်စေ၊ မွဲမြဲမွဲစေ၊ မသိမြဲမသိစေ၊ စွဲလန်းမြဲ စွဲလန်းစေ၊ အယူသီးမြဲအယူသီးစေ၊ ရွံရှာမြဲ ရွံရှာနေစေဖို့ ဖြားယောင်းမြဲ ဖြားယောင်းနေမှုတွေ သက်ဆိုးရှည်နေသမျှ ငြိမ်းချမ်းတဲ့၊ တိုးတက်တဲ့၊ ခေတ်မီတဲ့၊လူသားဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့၊ လူ့အခွင့်အရေး ပြည့်မီတဲ့၊ ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းလာလိမ့်မယ်လို့ ယုံနိုင်ဖွယ်မရှိပါ။

ဒီမိုကရေစီယဉ်ကျေးမှု အလေ့အကျင့်ဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံနဲ့ အံလွဲနေ တယ်လို့ မြင်တဲ့အတွက် အံဝင်အောင်ပြင်ရမယ်လို့ ယုံကြည်ပါတယ်။

တရားဥပဒေနဲ့ တရားစီရင်ရေးစနစ်ဟာ အစိုးရဘက်ကချည်းရှိနေတဲ့ ယဉ်ကျေးမှုကနေ ပြည်သူဘက်က ရပ်တဲ့ယဉ်ကျေးမှုအဖြစ် ပြောင်းရပါမယ်။ အစိုးရလစာ စားနေရတယ်လို့အယူလွဲပြီး အစိုးရဘက် ကိုချည်းလိုက်နေတဲ့ ဝန်ထမ်းတွေရဲ့ စိတ်အခြေကိုလည်း ပြည်သူတွေပေးတဲ့ လစာကိုစားနေရတယ်လို့ အသိပြောင်းပြီး ပြည်သူကို စောင့်ရှောက်လုပ်ကျွေးတတ်တဲ့ အကျင့်ကိုမွေးမြူပေးရပါမယ်။

နိုင်ငံတော်မှာ ဈေးကွက်စီးပွားရေးစနစ်ဟာ ခိုင်မာပီပြင်အသက်ရှင်ရပါမယ်။ နိုင်ငံတော် လက်ဝါးကြီးအုပ်စီးပွားရေးနဲ့ ပုဂ္ဂလိက လက်ဝါးကြီးအုပ်စီးပွားရေးကို လုံးဝရှင်းပစ်ပြီး လွတ်လပ်တဲ့ ပြိုင်ဆိုင်ခွင့်ကို ဥပဒေပြဋ္ဌာန်းပြီးအာမခံရပါမယ်။ အသေးစားနဲ့အလတ်စား စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို နိုင်ငံတော်က ထောက်ပံ့ချီးမြှောက်ရပါမယ်။

အလုပ်သမားတွေရဲ့ လုပ်ခလစာကို စားလောက်ရုံမျှနဲ့ မတွက်ချက်ဘဲ ဝတ်ရေးနဲ့ နေရေးကိုပါထည့်တွက်ဖို့ လိုပါမယ်။ ကျန်းမာရေးနဲ့ပညာရေးအတွက်ကိုတော့ နိုင်ငံတော်ကကျခံရမှာဖြစ်ပါတယ်။ အဲဒီအတွက် စရိတ်ကို နိုင်ငံတော်မှာအမြင့်ဆုံး သုံးထားတဲ့ စရိတ်တွေထဲက သုံးပုံနှစ်ပုံလောက်ထိ ဖြတ်တောက်သုံးစွဲဖို့ စီစဉ်ရပါမယ်။

လယ်သမားတွေကိုလည်း " လယ်လုပ်သူလယ်ပိုင်စေ"  အာမခံချက်ပေးရပါမယ်။ စီးပွားရေးတွက်ခြေကိုက်တဲ့ သီးနှံကို လယ်သမားက ရွေးချယ်စိုက်ပျိုးခွင့်ရှိရပါမယ်။ မြေပိုင်ရှင်ကြီး စနစ်ပေါ်ပေါက် မလာစေဖို့ ဥပဒေပြုပြီး ထိန်းသိမ်းကာကွယ်ရပါမယ်။စိုက်ပျိုးရေးထောက်ကူစရိတ်ကို နိုင်ငံတော်ကတာဝန်ယူရပါမယ်။ သိမ်းပိုက်ခံလယ်ယာမြေတွေကိုလည်း လက်ငုတ်လက်ရင်း လယ်သမား၊ ယာသမားလက်ထဲ လက်တွေ့ကျကျ မြန်မြန်ရောက်အောင် လှည့်ပတ်မှုမပါ၊ အချိန်ဆွဲမှုမပါဘဲ ဥပဒေ ပြဋ္ဌာန်းစီစဉ်ပေးရပါမယ်။

ကျေးလက်က နေစရာမြေမရှိတဲ့ ပြည်သူတွေကို နိုင်ငံတော်ပိုင်မြေထဲက စနစ်ချမှတ်ပြီး နေမြေလက်ရောက်ပေးဖို့ လိုအပ်ပါမယ်။ လူတိုင်းဟာ မိမိကိုယ်တိုင်နေမယ့် မြေကိုကိုယ်တိုင်ဝယ်ယူနေထိုင်ဖို့ မစွမ်းရင် နိုင်ငံတော်က ပေးဖို့တာဝန်ယူရပါမယ်။မြို့ပြက အိမ်ခြေမဲ့တွေကိုလည်း နိုင်ငံတော်ကမြေစိုက်ပြီးတန်ဖိုးနည်းအိမ်ခန်းတွေကို နိုင်ငံတော်ကစီမံကိန်းချဆောက်လုပ်ပေးရပါမယ်။

လွတ်လပ်တဲ့ ဗဟိုချုပ်ကိုင်မှုကင်းတဲ့ LIBERAL DEMOCRATIC EDUCATION ကိုဖော်ဆောင်ရပါမယ်။ ဂုဏ်သိက္ခာရှိတဲ့ပညာကို ဂုဏ်သိက္ခာ ရှိပြီး မိမိကိုယ်ကိုယ်ယုံကြည်တဲ့ ကျောင်းသားတွေက ကိုယ်တိုင်တွေးခေါ်ဆုံးဖြတ် ရဲစွာနဲ့ဆရာစားမချန် ပညာရော စေတနာနဲ့ မေတ္တာပါပြွမ်းတဲ့ ဆရာတွေက

သင်ပေးတဲ့ လေးစားခံ့ညားဖွယ်ရှိတဲ့ ကျောင်းတွေမှာ သင်ယူနိုင်ရပါမယ်။ တက္ကသိုလ် ပညာကိုလည်း ဂုဏ်သရေကြီးမြင့်တဲ့ တက္ကသိုလ်ကျောင်းကြီးတွေမှာ တက္ကသိုလ်ကျောင်းသားဘ၀ သရုပ်ပီပြင်စွာနဲ့ ကမ္ဘာနဲ့သီအိုရီအရရော၊ လက်တွေ့မှာပါ ချိတ်ဆက် ဆက်ဆံနိုင်တဲ့ ပညာရေးဖြစ်ဖို့လိုပါတယ်။ တက္ကသိုလ်ကျောင်းသားလို့ အဓိပ္ပာယ်သတ်မှတ်တဲ့အထဲမှာ အဆောင်နေခွင့်ဟာ ကျွဲကူးရေပါ တစ်ပါတည်း ပါပြီးသားဖြစ်ရပါမယ်။ ခိုးသားတွေရဲ့အလယ်မှာ ကြီးပြင်းရတဲ့ ကျေးသူငယ်လိုမဖြစ်စေရပါဘူး။ ကျောင်းသားသမဂ္ဂတွေ ဆရာသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်းပြီး လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရပါမယ်။

နေရာတကာမှာ လာဘ်ပေးလာဘ်ယူကိစ္စဟာ ရဲတင်းစွာပျံ့နှံ့တဲ့ ယဉ်ကျေးမှုကြီး ဖြစ်နေပါပြီ။ မပေးသူဟာ မယဉ်ကျေးသူ ဖြစ်နေပါပြီ။ တစ်စုံတစ်ရာ မပေးလိုက်ရရင် နေမထိထိုင်မသာ စိတ်ရောဂါဖြစ်နေ ကြပါပြီ။ ဒီကင်ဆာကို အမြစ်မဖြတ်ဘဲ ဘယ်အားဆေးမှ အရာမရောက်မှာမဟုတ်ပါ။ ခပ်ကြမ်းကြမ်းကိုင်တွယ်ပြီး ခပ်မြန်မြန် ဖြေရှင်းဖို့ မဖြစ်မနေလိုအပ်နေပါပြီ။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့သင့်မြတ်ရင်ကြားစေ့ရေးဟာ မဖြစ်မနေလုပ်ရမှာဖြစ်ပေမယ့် အကျပ်ကိုင်ခြိမ်းခြောက်မှု မပါ၊ ဖြားယောင်းသွေးဆောင်မှုပါ ညစ်ကွက်တွေ အထက်ဆီးတွေမပါတဲ့ ပကတိ လွတ်လပ်ခွင့် ABSOLUTE FREEDOM လုပ်တာ ဖြစ်ရပါမယ်။ ကြောက်ရွံ့စိုးရိမ်မှုမပါတဲ့၊ ဂုဏ်သိကူ္ခာရှိတဲ့ပွင့်လင်းမြင်သာတဲ့ ညှိနှိုင်းဆွေးနွေးမှု ဖြစ်ရပါမယ်။ ပြဋ္ဌာန်းဥပဒေတွေဟာ ပင်မဥပဒေတွေ အပေါ် ပြန်ချုပ်တဲ့ ကန့်သတ်တဲ့ဥပဒေတွေ မဖြစ်စေရပါဘူး။

ဒါတွေကို တစ်ဦးတည်း တစ်ပါတီတည်းက လုပ်လို့မရနိုင်တာကြောင့် အားလုံးနဲ့အတူ ဝိုင်းလုပ်နိုင်ဖို့အတွက် လွှတ်တော်တွေထဲ ကိုယ်စားလှယ်တွေစေလွှတ်ပြီး''ပြိုင်တူတွန်းလျှင် မရွေ့နိုင်ဘူးလား'' လို့ ကြွေးကြော်ရင်း အရွေ့တစ်ခုကို ရှာလိုတာဖြစ်ပါတယ်။

လေးစားမြတ်နိုးအပ်ပါသော မဲဆန္ဒရှင်များခင်ဗျား-

ခုတင်ပြတဲ့မူဝါဒတွေကို ကျွန်တော်တို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက မဲဆန္ဒရှင်တွေရဲ့ နေအိမ်တံခါးဝထိအောင်အရောက်လာပြီး ရှင်းပြပါမယ်။ အောင်နိုင်ရေး ကြေညာချက်ကိုတော့ ကျွန်တော် တို့ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။

၁။ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ (UNC)သည် မြန်မာ့နိုင်ငံရေးကိစ္စများကို နိုင်ငံရေးဥပစာတွင် နိုင်ငံရေးနည်းဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြေရှင်းနိုင်ဖို့ တည်ထောင်ထားသော နိုင်ငံရေး ပါတီဖြစ်ပါသည်။

၂။ UNC ပါတီသည် မြန်မာနိုင်ငံရေးကိစ္စများကို အားလုံးနှင့်အတူ ဝိုင်းကူဖြေရှင်းရင်း မိမိအစုအဖွဲ့၏ တာဝန်ထမ်းဆောင်မှုကို ပို၍ ပီပြင်ထင်ရှားစေရမည် ဖြစ်ပါသည်။

၃။ ယင်းသို့ ကြိုးပမ်းကြရာတွင့် UNC  သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်၍ နှစ်သက်ရာ ယဉ်ကျေးမှုကို တည်ဆောက်ပိုင်ခွင့်၊လူ့အခွင့်အရေးစံနှင့် လူ့ဂုဏ်သိက္ခာစံအပေါ်အလေးထား လေးစားယုံကြည်၍လူမျိုးဘာသာ၊ လိင်မခွဲခြားသော စစ်မှန်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ပေါ်ထွန်းလာရေးကို ဦးလည်မသုန် ကြိုးပမ်းလျက်ရှိကြကုန်သောလူမျိုးစုများ၊ တိုင်းရင်းသားအဖွဲ့စည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ကွန်ရက်များနှင့်သစ္စာထား၍ အတူတကွ ပူးပေါင်းဆောင်ရွက်သည်။

၄။ ကျွနု်ပ်တို့ ၏ UNC ပါတီသည် ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားရေး၊ အာဏာ ရှင်အုပ်စိုးမှု ပပျောက်ရေး၊ လူမျိုးကြီးဝါဒ၊ လွှမ်းမိုးမှုမှ လွတ်မြောက်ရေး၊ လယ်သမားအလုပ်သမား၊ ကျောင်းသား၊ ကုန်သည်၊ ဝန်ထမ်းနှင့် ရဟန်းရှင်လူ၊ ကိုးကွယ်ယုံကြည်သူအားလုံး၏ လွတ်လပ်ခွင့်အတွက် သမိုင်းတစ်လျှောက် တိုက်ပွဲဝင်ခဲ့ကြသူ၊

တိုက်ပွဲဝင်လျက်ရှိကြသူ၊ ဝိုင်းဝန်းကြိုးပမ်းကြသူများအားလုံးနှင့်အတူ တစည်းတလုံးတည်း ရှိသည်။

၅။ ကျွနု်ပ်တို့သည် ပြည်သူအားလုံးတို့အား အမုန်းစကားကိုမဆို၊ အချစ်စကားကို သာဆို၍ ခွဲခြားခြင်းကို မလို၊ ပေါင်းစည်းခြင်းကိုသာလို၍၊ ချုပ်ချယ်ခြင်းကိုမလို၊လွတ်လပ်ခြင်းကိုသာလို၍ မဲဆန္ဒရှင်ပြည်သူ အားလုံးတို့၏ မြတ်သောအလိုဟူသမျှ ပြည့်ဝစေ၊ မချစ်မနှစ်သက်သောအရာဟူသမျှ ဝေးကွာစေဟူသော စိတ်စေတနာဖြင့် ပြည်သူ့အကျိုးကိုဆောင်ပါမည်။

၆။ ကျွနု်ပ်တို့သည် ဤနှယ်မူဝါဒ ဤသို့သော လုပ်ငန်းစဉ်များဖြင့် ကျွနု်ပ်တို့ အပေါ်အထင်မှားသူများလည်း အမြင်မှန်စေ၊ ကျွနု်ပ်တို့အပေါ် နားလည်မှုလွဲသူများလည်း နားလည်မှုရစေ၊ ဤသို့သော ကြည်လင် မှုဖြင့်နိုင်ငံ့အရေး ပူးပေါင်း လုပ်ဆောင်ရာတွင် ကျွနု်ပ်တို့သည် မိမိတို့ရယူလိုသော အခွင့်အရေးများနှင့်ထမ်းရွက်လိုသော တာဝန်များကို လွှတ်တော်ပြင်ပတွင်သာမက လွှတ်တော် အတွင်း၌ပါ သိုင်းဝိုင်းဆောင်ရွက်နိုင်ခြင်း အလို့ငှာ UNC  ပါတီကိုကြည်ဖြူသူ၊ ပြည်သူတို့၏ တစ်ခဲနက် ထောက်ခံမဲကိုယုံကြည်စွာအားကိုးတောင်းခံ၍ ဤပါတီစုံရွေးကောက် ပွဲကြီးသို့ ရဲဝင့်စွာဝင်ရောက်ပြီဖြစ် ပါကြောင်း မြတ်နိုးလေးစားစွာ အသိပေးအပ်ပါသည် ခင်ဗျား-

လူ့အခွင့်အရေး စံနှင့်အညီ လူ့တန်ဖိုးပြည့်ဝစေဖို့

UNC ကိုမဲပေးစို့

အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ

 ၁။  ပါတီအမည်  -  အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
 ၂။  ပါတီအမည်(English)  -  National Unity Congress Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၃.၂.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးမြင့်ဝေ၊ ဦးမောင်စိုး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၅.၁၀.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၂.၁၁.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၈.၂.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၂)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးမြင့်ဝေ၊ ဦးမောင်စိုး
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၈-A)၊ ပထမထပ်၊ မအူကုန်းလမ်းကျယ်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၁-၅၂၅၅၃၇ (ဦးမြင့်ဝေ)၊ ၀၉-၆၈၁၂၁၈၀၊ ၀၁-၃၈၈၁၀ (ဦးမောင်စိုး)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly