ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၇ ။        ။ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ  ၇ ရက်နေ့ညပိုင်း ကရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူအပေါင်းတို့ခင်ဗျာ -

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်။။ကျွန်တော်ကတော့ ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ဒိုင်းတက်လူမျိုးများတိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇောဖြစ်ပါတယ်။

ကျွန်တော်တို့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဟာ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ နောက်ဆုံးဝင်ရောက်လာတဲ့ ပါတီဖြစ်ပါတယ်။ သို့အတွက် ဒိုင်းနက်လူမျိုးများအကြောင်း ကို အနည်းငယ်တင်ပြပါရစေ။

ကျွန်တော်တို့ ဒိုင်းနက်လူမျိုးတွေကိုရှေးအခါက ရခိုင်တို့က အရှေ့သက်လို့ခေါ်ကြပါတယ်။ မြန်မာသက္ကရာဇ် ၆၉၅ ခုနှစ် ရခိုင်ဘုရင်မင်းထီးက အရှေ့သက်တို့၏ နိုင်ငံတော်မစဆာဂီရိကို တိုက်ခိုက် သိမ်းယူပြီး အိမ်ထောင်စုတစ်သောင်းခန့်ကို ရခိုင်သို့ခေါ်ဆောင်ကာ ဒိုင်းနက်ငွေခွန်ဖွဲ့စည်းခဲ့သောကြောင့် ဒိုင်းနက်လူမျိုးလို့ အမည်တွင်လာခြင်းဖြစ်ပါတယ်။ ဒိုင်းနက်တွေက မိမိကိုယ်မိမိ ဆက္ကမာ လူမျိုးလို့သာ ခေါ်ဝေါ်ကြပါတယ်။ မူရင်းနာမည်က ဆက္ကမာဖြစ်ပြီး သမိုင်းမှတ်တမ်းအရ အရှေ့သက်လူမျိုးများ ဖြစ်ကြပါတယ်ခင်ဗျာ။

လေးစားအပ်တဲ့ မိဘပြည်သူတိုင်းရင်းသားအပေါင်းတို့ခင်ဗျာလူမျိုးအကြောင်းကိုပြောပြီးနောက်မှာ ဒိုင်းနက်ပါတီဖြစ်ပေါ်(တည်ထောင်)လာရခြင်းအကြောင်းကို အကျဉ်းချုပ်တင်ပြပါရစေ။ ကျွန်တော် တို့ဒိုင်းနက် လူမျိုးတွေဟာလွန်ခဲ့တဲ့ အစိုးရခေတ်အဆက်ဆက်က နိုင်ငံရေးမလုပ်ခဲ့ကြပါဘူး။

နိုင်ငံရေးဟာဘာလဲဆိုတာတောင် မသိခဲ့ကြပါဘူး။ စိတ်လည်းမဝင်စားခဲ့ကြဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒိုင်းနက်လူမျိုးတွေဟာ ဆင်းရဲကြတယ်။ ပညာမတတ်ကြဘူး။ အရှက်အကြောက် များတယ်။ တောရွာတွေမှာ နေထိုင်ကြတယ်။ အဲဒီလိုနေထိုင် ကြတာကိုတောင် တချို့သောအုပ်စုတွေက အခွင့်ကောင်းယူပြီး နိုင်ငံရေးမှာ အမြတ်ထုတ်လာခဲ့ကြပါတယ်။ တောရွာနေ ဒိုင်းနက်လူမျိုးတစ်ယောက်စ နှစ်ယောက်စကိုမြို့ပေါ်ခေါ်တင်ပြီး ဟိုပြောဒီပြောနှင့် ရိုးသားတဲ့ဒိုင်းနက်တွေခမျာ၊ ပြန်မပြောဝံ့မဆိုဝံ့နှင့် ကျွေးရာကိုယ်စား ထားရာမှာနေ ခိုင်းရာကိုလုပ်ရတဲ့ဘဝနှင့် စာမတတ်ပေမတတ် ဆင်းရဲပေါင်းများစွာ၊ ဒုက္ခပေါင်းများစွာနှင့် ဘဝကိုရုန်းကန်ခဲ့ကြရပါတယ်။

ဒိုင်းနက်လူမျိုးတွေဟာ ဒီဘက်ခေတ်ရောက်မှပဲ တစ်ယောက်စ နှစ်ယောက်စမြို့ပေါ်တက်ပညာသင်၊ အစိုးရဌာနအသီးသီးလက်အောက်မှာ အမှုထမ်း၊ အမြို့မြို့အရွာရွာရောက်တဲ့အခါမှသာ တခြား လူမျိုးတွေနဲ့ မိမိတို့လူမျိုးတွေရဲ့ဘဝအဆင့် အတန်းကွာခြားနေတာကို တွေ့မြင်လာကြတယ်။ မိမိတို့လူမျိုး ဘာကြောင့် အဆင့်အတန်းနိမ့် အောက်ကျရသလဲဆိုတာ သိလာကြတယ်။ တခြားလူမျိုးတွေ အခွင့်အရေးရပြီး ငါတို့လူမျိုးဘာဖြစ်လို့ အခွင့်အရေးဆုံးရှုံးနေရတာလည်းဆိုတာကိုသိလာကြတော့ တရားမျှတရေးအတွက် တန်းတူအခွင့်အရေးရအောင် လုပ်ဆောင်မှဖြစ်မယ်။ နိုင်ငံရေးအဖွဲ့ထဲမှာ မိမိတို့လူမျိုးမရှိလို့ တန်းတူအခွင့်အရေးဆုံးရှုံးနေရတာကို တွေ့မြင်လာကြတယ်။ သို့အတွက်နဲ့ ဒိုင်းနက်လူမျိုးတွေမှာလည်း မိမိတို့အရေးကိုတင်ပြနိုင်ခွင့်ရှိတဲ့ နိုင်ငံရေးပါတီ တစ်ခုရှိသင့်တယ်လို့ မြင် လာကြပါတယ်။

လေးစားရပါသော ပြည်ထောင်စုဖွားမိဘပြည်သူအပေါင်းတို့ခင်ဗျာ-

ယခုအခါဆိုရင် မြန်မာနိုင်ငံအစိုးရကလည်း မြန်မာနိုင်ငံသားတိုင်းရင်းသားလူမျိုးနွယ်စုအလိုက် နိုင်ငံရေးပါတီတည်ထောင်ခွင့်ပေးလာတော့ ကျွန်တော်တို့မိမိကိုယ်မိမိ ဆက္ကမာလို့ခေါ်ကြတဲ့ ဒိုင်းနက်လူမျိုးများအနေနဲ့လည်း အခြားသောတိုင်းရင်းသားမျိုးနွယ်စုများနည်းတူ နိုင်ငံရေးပါတီတစ်ခုရှိသင့်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဤဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီကို တည်ထောင်ရခြင်းဖြစ် ပါတယ်ခင်ဗျား-

ကျွန်တော်တို့ပါတီရဲ့မူဝါဒလုပ်ငန်းစဉ်များကို အကျဉ်းချုပ်တင်ပြပါမယ်မူဝါဒသဘောထား

(က) ကမ္ဘာ့နိုင်ငံများအလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအဖြစ်ခိုင်မာစွာရပ်တည်သွားနိုင်ရေး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံးပူးပေါင်းဆောင်ရွက်သွားရန်။

( ခ ) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ပီပြင်စွာဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားအချင်းချင်း လက်တွဲဆောင်ရွက်သွားရန်။

( ဂ ) ဒိုင်းနက်တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ရင်း အခြားသောလူနည်းစု၊ လူမျိုးစုငယ်တို့၏ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးကူညီသွားရန်။

(ဃ) တိုင်းရင်းသားလူမျိုးအချင်းချင်း ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ရိုင်းပင်းကူညီမှု၊ သည်းခံခွင့်လွှတ်မှုဟူသော မိသားစုစိတ်ဓာတ်ခိုင်မာရှင်သန်စေရေး ဆောင်ရွက်သွားရန်။

( င ) ဒိုင်းနက်လူမျိုးတို့၏ ဓလေ့၊ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခာဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးပြီး ခေတ်နှင့်လျော်ညီစွာ တီထွင်ကြံဆပြုစုပျိုးထောင်မှုများ ပြုလုပ်သွား ရန် ဖြစ်ပါတယ်။

လုပ်ငန်းစဉ်ကတော့

(က) ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်များဖြစ်ကြောင်းကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုအားဖြင့် ကမ္ဘာ့အလယ်တွင် ရပ်တည်ဆောင်ရွက်သွားရန်။

( ခ ) ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် တိုင်းရင်းသားအချင်းချင်းတန်းတူရည်တူထားရှိမှု၊ အပြန်အလှန်လေးစားမှု ပုဂ္ဂိုလ်ရေးရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကိုအခြေခံ၍ ဆောင်ရွက်သွားရန်။

( ဂ ) ဗဟုသုတနည်းပါး၍ အသိမကြွယ်မှု၊ အခွင့်အလမ်းနည်းပါးမှု ဆုံးရှုံးမှုတို့ကြောင့် ခေတ်နောက်ကျကျန်ရစ်ခဲ့သော မိမိတို့လူမျိုးများနှင့် အခြားသောတိုင်းရင်းသားလူမျိုးနွယ်စု၊ လူနည်းစုတို့၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားရန်။

(ဃ) ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ အမျိုးသားရေးကဏ္ဍများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်။

(င) မိမိတို့ ဒိုင်းနက်လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါက အခြားသော တိုင်းရင်းသားပါတီ/အဖွဲ့အစည်းများနှင့် ဖြစ်စေ ပူးပေါင်းဆောင်ရွက်သွားရန်တို့ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူများခင်ဗျာ-

ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ ဌာနချုပ်ရုံးကို ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့ အမှတ်(၅၉၃) မင်းစောမွန်လမ်း သပြေကုန်းရပ်ကွက်တွင် (ယာယီ) ဖွင့်လှစ်ထားရှိပါတယ်။

ပါတီရဲ့အလံနှင့် အမှတ်တံဆိပ်ကတော့

(က) ပါတီ၏အလံမှာ အနီနှင့်အဝါရောင်နှစ်မျိုးဖြင့် သတ်မှတ်ထားရှိပါတယ်။ အထက်တွင် အနီရောင်နှင့်အောက်တွင် အဝါရောင်တို့ဖြင့် အချိုးညီ အလျားလိုက်ပြုလုပ်ထားပါတယ်။

( ခ ) အထက်အနီရောင်၏ လက်ဝဲဘက်ထောင့်တွင် ကြယ်ကြီးတစ်လုံးပါရှိပြီး ကြယ်၏အရောင်မှာ အဖြူရောင် ဖြစ်ပါတယ်။

( ဂ ) အနီရောင်သည် ရဲရင့်ခြင်း၊ အဝါရောင်သည် အမျိုးဘာသာကိုစောင့်ထိန်းခြင်း၊ အေးချမ်းခြင်းအဓိပ္ပာယ်ဆောင်ပြီး အဖြူရောင်ကြယ်ကြီးမှာပြည်ထောင်စုကြီးကို ရည်ညွှန်းပါတယ်။

(ဃ) ပါတီအလံကို ၅း၃ အချိုးအစားအတိုင်း အရွယ်အစားအမျိုးမျိုးသတ်မှတ်အသုံးပြုနိုင်ပါတယ်။

( င ) ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၏ အမှတ်တံဆိပ်မှာ အဝါရောင် နောက်ခံပေါ်တွင် အနက်ရောင်ရှိသော ဒိုင်းနှင့်စြင်္ကာကို ထည့်သုံးထားပြီး အပေါ်ပိုင်းတွင် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဟု ပါရှိပါတယ်။ အောက်ပိုင်းတွင်

Daingnet Development Party အင်္ဂလိပ်လိုအတိုကောက် (D.N.D.P) ဟုပါရှိပါတယ်။ အဝါရောင်သည် အမျိုးကိုစောင့်ထိန်းခြင်း၊ အေးချမ်းခြင်းကို ဖော်ဆောင်ပြီး အနက်ရောင်ရှိသောဒိုင်းသည် ဒိုင်းနက် လူမျိုးကို တိုက်ရိုက်အဓိပ္ပာယ်ဆောင်ပါတယ်။ စြင်္ကာဝိုင်းသည် စွမ်းရည်သတ္တနှင့်ပြည့်စုံသော လူမျိုးဖြစ်ကြောင်း ဖော်ညွှန်းပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသားမိဘပြည်သူများနှင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကို မဲဆန္ဒရှင်များခင်ဗျာ

ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များဖြစ်ကြပါတယ်။ ရခိုင်ပြည်နယ်ရှိ ခမီး၊ မြို၊ သက်၊ ရခိုင်၊ ဒိုင်းနက် စတဲ့မျိုးနွယ်စုဝင် အချင်းချင်းဟာ ရှေးပဝေသဏီကပင်မရှိအတူ၊ ရှိအတူ၊ အေးတူပူအမျှ၊ ဒုက္ခ၊သုခခံပြီး နေထိုင်လာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အုပ်ချုပ်သူ အစိုးရရဲ့အုပ်ချုုပ်မှုအောက်မှာ မိမိတို့လူမျိုးများ၊ လူမျိုးစုများစည်းလုံး ညီညွတ်စွာဖြင့် နေထိုင်လာခဲ့ကြ တာယခုအချိန်ထိပါပဲ၊ မိမိတို့ပြည်နယ်၊ မိမိတို့လူမျိုး၊ လူမျိုးစုများစည်းလုံးညီညွတ်မှုရရှိရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ဆောင်ရွက်ခွင့်ရှိသော ယနေ့အချိန်အခါမှာ ကျွန်တော်တို့ ရခိုင်မျိုးနွယ်စုဝင် ပါတီငယ်တစ်ခုဖြစ်တဲ့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီဟာ ပြည်ထောင်စုကြီးရဲ့အကျိုး၊ ရခိုင်ပြည်နယ်ရဲ့အကျိုး၊ ရခိုင်မျိုးနွယ်စုများရဲ့အကျိုးကို အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရရှိရေးတို့ကို ကြိုးစား သွားမယ့်ပါတီ ဖြစ်ပါတယ်။

ထို့ကြောင့် ဒိုင်းနှင့်စြင်္ကာအမှတ်တံဆိပ်ပါတဲ့ ဒိုင်းနက်လူမျိုးများ တိုးတက် ရေးပါတီကို မဲပေးကြပါလို့ မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

အားလုံးကျန်းမာ ချမ်းသာကြပါစေ...။

ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Daingnet National Development Party (D.N.D.P)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၀.၃.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးအောင်ကျော်ဇော်ပါ(၁၇) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအောင်ကျော်ဇော်၊ ဦးထွန်းအေးမောင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၉.၇.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၃.၇.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၇.၈.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၀၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ရခိုင်ပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၅၉၃)၊ မင်းစောမွန်လမ်း၊ အမှတ် (၄) (သပြေကုန်း)ရပ်ကွက်၊ ဘူးသီးတောင်မြို့၊ ရခိုင်ပြည်နယ်(ယာယီ)
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၂၅၀၃၂၆၆၇၆ (ဦးအောင်ကျော်ဇော)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly