“ရဟန်း” နှင့် ပတ်သက်သော သာသနာရေးထုတ်ပြန်ချက်ကို "ဗရုတ်သုတ်ခ ကြေညာချက်"ဟု မိန့်ကြား

“ရဟန်း” နှင့် ပတ်သက်သော သာသနာရေးထုတ်ပြန်ချက်ကို "ဗရုတ်သုတ်ခ ကြေညာချက်"ဟု မိန့်ကြား
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇွန်လ ၁၇ ။         ။ “ရဟန်း” ဟု ခေါ်ဆိုရမည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အများပြည်သူကို ရှင်းလင်းဖော်ပြထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် အမှားအယွင်းများနေသည့် ဗရုတ်သုတ်ခ ကြောညာချက်သာ ဖြစ်သည်ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက မိန့်ကြားသည်။

" သာသနာရေးဝန်ကြီးဌာနက ဗရုတ်သုတ်ခ ကြေညာချက်ထုတ်ပါတယ်။ ဗရုတ်သုတ်ခကြေညာချက် အဲ့ဒီထဲမှာ မဟုတ်တာတွေ တော်တော်များတယ်။ မဟုတ်တာတွေ တော်တော်များများ သူတို့ထည့်ပြီးတော့ ရေးထားတာပေါ့။ အဲ့ဒါ သူများတကာက ပုတ်ခတ်စော်ကားတာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က ကိုယ့်ဘာသာ သာသနာကို ပြန်ပြီးတော့ ပုတ်ခတ်စော်ကားတဲ့သဘောမျိုး။ ဒီလို ပြန်ပြီးတော့ သဘောထားကြေညာချက်တွေ ဘာတွေရေးပါတယ်။ အဲ့ဒီအထဲမှာ အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲ အလဇ္ဇီတို့၊ ဒုဿီလတို့ကို အဓိပ္ပာယ်ဖော်တဲ့အခါ တကယ့်ကို အလွဲလွဲအမှားမှားတွေပေါ့။ အလွဲလွဲအမှားမှားတွေ အဓိပ္ပာယ်ဖော်၊ ထင်ရာ မြင်ရာတွေ လျှောက်ပြီးတော့ ရေးထားတယ်"ဟု မော်ကျွန်းဆရာတော်က မိန့်ကြားခဲ့သည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ဇါန်လ ၁၇ ရက်နေ့က ပြုလုပ်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) နှစ်ပတ်လည်စုံညီ တွေ့ဆုံ သြဝါဒခံယူပွဲတွင် အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

အများပြည်သူသိရှိနိုင်ရေးအတွက် ရှင်းလင်းဖော်ပြချက်ဟု ခေင်းစဉ်တပ်ထားသည့် အချက် ၉ချက်ပါ ထုတ်ပြန်ချက် တစ်စောင်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် " ရဟန်း"ဆိုသည်မှာ သံဃာ ၄ ပါးအထက် သိမ်တွင်းတွင် ဥတ္တိ စတုတ္ထကမ္မဝါစာ ရွတ်ဖတ်ပြီး သိက္ခာတင် ချီးမြှောက်ခံထားရသည့် အသက် ၂၀ ရှိ အမျိုးသားကိုခေါ်ဆိုပြီး အဆိုပါပုဂ္ဂိုလ်သည် သေခိယ ၇၅ ပါး အပါအဝင် ၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို စောင့်ထိန်းမှသာလျှင် " ရဟန်း"ဟု ခေါ်ဆိုရမှာ ဖြစ်သည်ဟု ဖော်ပြထားသည်။ ၄င်းအပြင် သိက္ခာပုဒ်တို့ကို မချစ်မြတ်နိုးပဲ အလွယ်တကူဖျက်ဆီးသူကို အလဇ္ဇီ(မရှက်တတ်သူ)ဟူ၍လည်းကောင်း၊ ၀ိနည်းသိက္ခာပုဒ် မကြာခဏ ကျူးလွန်သူကို ဒုဿီလ(သီလမရှိသူ) ဟူ၍ ခေါ်ဆိုရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" လွန်ခဲ့တဲ့ ၆ နှစ်က ဦးသိန်းစိန်အစိုးရနဲ့ အခုလက်ရှိ အစိုးရနဲ့ဟာ ဘယ်လောက်ကွာခြားသွားသလဲ။ ဒါကို သတိပြုရမှာပေါ့ဘုရား။ အစိုးရနှစ်ရပ်လို့ ပြောလိုက်တော့ သူတို့ကတော့ ကြံဖန်ပြီးတော့ ဆင်ခြေပေးချင် လည်းပဲ ပေးမှာပေါ့။ အစိုးရလုပ်တာမဟုတ်ပါဘူး။ သာသနာရေးက လုပ်တာပါလို့ ဒီလိုပြောရင်လည်းပဲ ပြောမှာပါပဲ။ ဒါပေမယ့် သာသာနာရေးဆိုတာကလည်း အစိုးရပါပဲ။ ဘယ်လိုပဲ ဆင်ခြေဆင်လက်ပေးပေး ဒါ အစိုးရလုပ်တာပါပဲ"ဟ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို)၏ ဒုတိယဥက္ကဋ္ဌ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက ကြွရောက်လာသည့် သံဃာတော်များကို မိန့်ကြားခဲ့သေးသည်။

အဆိုပါ နှစ်ပတ်လည်စုံညီတွေ့ဆုံ သြဝါဒခံယူပွဲကို ပြည်နယ်နျင့် တိုင်းအသီးသီးမှ ဦးဆောင် ဆရာတော်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေးမျေား ကြွရောက်ခဲ့ကြသည်။ ၄င်းအခမ်းအနားတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ လည်း တက်ရောက်ခဲ့ပြီး အလှူငွေ ကျပ်သိန်း ၃ဝဝကို လှူဒါန်းခဲ့သည်။ ကြွရောက်လာသည့် သံဃာတော်များနှင့် သီလရှင်များအတွက် နေ့ဆွမ်းကို မိုးထိမိုးမိရွှေတွင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်ခြင်းခံထားရသည့် ဦးစိုးထွန်းရှိန်က လှူဒါန်းသည်ဟု ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို)၏ တရားဝင်ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required