ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အမှု တရားလိုဘက်မှ တင်သွင်းသော သက်သေခံပစ္စည်းများကို တရားရုံး လက်ခံ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အမှု တရားလိုဘက်မှ တင်သွင်းသော သက်သေခံပစ္စည်းများကို တရားရုံး လက်ခံ
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကျောင်းသားများကို ဇွန်လ ၃ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးတွင် ၂ ကြိမ်မြောက် ရုံးထုတ်ခဲ့စဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇွန်လ ၁၇ ။            ။ တပ်မတော်မှတရားလိုပြုလုပ်ပြီး နိုင်ငံတော်ကြိုညိုပျက်စေမှု ပုဒ်မ(၅၀၅) (က) ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးအမှု ကို ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗိုလ်ထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့သည်။

အဆိုပါရုံးချိန်းတွင် ကိုဇေယျာလွင် ၊ကိုပိုင်ဖြိုးမင်း၊ ဇော်လင်းထွဋ်(ခ)ဖိုးသား ၊ ကိုပိုင်ရဲသူ ၊ မကေခိုင်ထွန်း ၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုးတို့ ၇ ဦးကိုရုံးထုတ် ခဲ့ပြီး တရားခွင်၌ တရားလိုဘက်မှ သတ်သေခံဖြစ်သော ဗီဒီယိုဖိုင်နှင့် စာရွက်တို့ကို မြို့နယ်တရားသူကြီးထံ တင်သွင်းခဲ့ရာ  မြို့နယ်တရားသူကြီးမှ လက်ခံခဲ့သည်။

“သက်သေခံအဖြစ်နဲ့ လက်ခံပါတယ်ဆိုပြီး အမိန့်ချ လိုက်ပါတယ်။ ဆရာမ တို့က အဲဒါနဲ့ပတ်သက်ပြီးတော့ ဥပဒေ နဲ့မညီညွှတ်တဲ့အတွက် ကြားဖြတ်အမိန့်ပေါ့။ ကြားဖြတ် အမိန့်ကို ပြင်ဆင်မှုတက်ဖို့ စီစဉ်ပါတယ်။ တရား ရုံးကတော့ ပြင်ဆင်မှုတက်မှာ ဖြစ်တဲ့အတွက် ဒီအမှုကို ဆက်လက် မစစ်ဆေးလို့လဲ ရတယ်လို့ တရား ရုံးက တော့ ညွှန်ကြားပါတယ်။ဆရာမတို့ကတော့ ပြင်ဆင်မှု တက်တာ မတက်တာ တစ်ပိုင်းပဲ၊ ပြင်ဆင်မှု တက် နေတဲ့အချိန်မှ မတက်ခင်အချိန်မှ တရားလိုက ဘာတွေ ထွက်ဆိုသလဲ ဆိုတာကို ဆရာမတို့က လိုအပ်တယ်။ တရားလိုကို အဓိက စစ်မေးတဲ့အခါကျတော့ ဆရာမ က အပြန်အလှန် စစ်မေးချက်မှာ အမှုကျောရိုး ပေါ်အောင်ပဲ ဆရာမက စစ်လိုက်တဲ့သဘောပါပဲ " ဟု စွပ်စွဲခံရသူ ဘက်မှ ရှေနေ့အဖြစ် လိုက်ပါဆောင်ရွက် သော တရားလွှတ်တော် ရှေနေ့ဒေါ်စန်းစန်းမြင့် က ပြောသည်။

ယခုရုံးချိန်းတွင် ရုံးထုတ်လာသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးလိုက်ပါလာသော အချုပ်ကားကို တရားရုံး တံခါးပေါက်အထိပိတ်ရပ်ပြီး ရုံးထုတ်ခဲ့သလို လုံခြုံရေးလည်း တိုးမြှင့်ထားခဲ့သည်။

"ကျွန်တော်တို့ကို ဒီနေ့ သက်သေတင်သွင်းပြီးတော့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဗိုလ်တစ်ထောင် တရားရုံး ကနေပြီးတော့ အမိန့်ကလည်း မရမ်းကုန်း အမိန့်လိုပါပဲ တရားလိုဘက်က တင်သွင်းတဲ့ သက်သေတွေကို တရားရုံးက လက်ခံတယ်ဆိုတာပါပဲ ။ ဒီလိုအမိန့်မျိုးကို ကျွန်တော်တို့ မျှော်လင့်ပြီးသားပါ။ တရားသူကြီးတွေမှာ အကြောက်တရား ရှိနေသ၍ ဒီလိုအမိန့်တွေပဲ ချနေမှာပါ။ အဓိက ကျွန်တော်တို့ဖြစ်နေတဲ့ပြသာနာတွေက တရားသူကြီး တွေရဲ့ အကြောက်တရားတွေ ပါဝင်နေမှုကြောင့် ကျွန်တော်တို့အခုလိုခံနေရတာလို့ ကျွန်တော် တို့မြင်တယ် " ဟု ရုံးထုတ်အပြီးအချုပ်ကားပေါ်မှ ကိုဇေယျာလွင်က မီဒီယာများကို အော်ပြောခဲ့သည်။

သက်သေခံအဖြစ် တင်သွင်းရာတွင် တရားရုံးသို့ ဦးတိုက်လျှောက်လွှာကို သက်သေခံ (က) အနေဖြင့် လည်းကောင်း ဒေါင်းတို့မျိုးဆက်နှင့် ပတ်သက်သော VCD အခွေကို သက်သေခံ (ခ) အဖြစ်လည်းကောင်း ဗိုလ်မှူးလွှမ်းဝေ ရိုက်ထားသော VCD အခွေကို သက်သေခံ (ဂ)အဖြစ်လည်းကောင်း သံချပ်စာသားများကို သက်သေခံ (ဃ) မှ (ဃ) ၁၇ အဖြစ်လည်း တရားရုံးသို့ တင်သွင်းရာ တရားရုံးက လက်ခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုအတွက် ရုံးချိန်းကို ဇွန်လ ၂၄ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly