ရွေးကောက်ပွဲမတိုင်ခင် NLD နှင့် ပြည်သူ့ပါတီ ခေါင်းဆောင်ပိုင်းများ တွေ့ဆုံ

ရွေးကောက်ပွဲမတိုင်ခင် NLD နှင့် ပြည်သူ့ပါတီ ခေါင်းဆောင်ပိုင်းများ တွေ့ဆုံ
ဓာတ်ပုံ - ပြည်သူ့ပါတီ

ရန်ကုန် ၊ ဇွန် ၁၇ ။           ။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီ ခေါင်းဆောင်ပိုင်းများနှင့် ပြည်သူ့ပါတီမှ ခေါင်းဆောင်ပိုင်းများအကြား တွေ့ဆုံဆွေးနွေးမှုတစ်ခုကို ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ဒီမိုကရေစီပါတီတွေရဲ့ ထုံးစံအရ ပါတီချင်း မိတ်ဝတ်မပြတ် ဆက်ဆံရေးအတွက် ပမာဏအနေနဲ့ တွေ့ဆုံတာ၊ မိတ်ဆက်တာ နောက်လည်း ဒီလို ပါတီချင်းပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့အကြောင်းပါပဲ” ဟု ဒေါက်တာမျိုးညွန့် က ဆိုသည်။

အထွေထွေရွေးကောက်ပွဲအား ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်မှ  ကြေညာခဲ့ပြီး နောက်ပိုင်းတွင် NLD ပါတီနှင့် ပြည်သူ့ပါတီကြား ခေါင်းဆောင်ပိုင်းတွေ့ဆုံမှုကို ပထမဆုံး အကြိမ်ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်သူ့ပါတီဘက်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD၏ လွှတ်တော်တွင်း ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်များကိုလည်းကောင်း၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူ့ပါတီ၏ ပါတီဖွဲ့စည်းရေးဆိုင်ရာ အခြေအနေများကိုလည်းကောင်းရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြ သည်ဟု သတင်းထုတ်ပြန်ထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်ပြည်သူ့ပါတီအကြား မဟာမိတ် ပြုလုပ်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ရန် အစီအစဉ် ရှိမရှိ မဇ္စျိမ၏ မေးမြန်းမှုကိုမူ ဒေါက်တာမျိုးညွန့်ဘက်က မရှိကြောင်းဖြေဆိုခဲ့သည်။

“မဟာမိတ်လုပ်ဖို့တော့ ကျွန်တော်တို့မှာ လောလောဆယ်အစီအစဉ်မရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။ ဒီမိုကရေစီကို တကယ်ယုံကြည်တယ်ဆိုရင် လမ်းဆုံးရောက်တဲ့အခါ တွေ့ကြမှာပါ”ဟု ၎င်းက ဆိုသည်။

ယခုတွေ့ဆုံပွဲကိုမူ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့် ၊ ဒေါက်တာမျိုးညွန့်နှင့် ဦးသိန်းဦး တို့ တက်ရောက်ခဲ့ပြီး ပြည်သူ့ပါတီဘက်မှ ဥက္ကဋ္ဌ ဦးကိုကိုကြီး ၊ ဦးမင်းဇေယျာ၊ ဦးရဲနိုင်အောင်၊ ဦးကျော်ကျော်ထွေး နှင့် ဦးကျော်ကျော်စိုးတို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required