ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ၏ မူဝါဒ သဘောထား

ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၇ ။      ။ ပြည်ထောင်စုတောင်သူလယ်သမား အင်အားစုပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးမင်းသူက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ  ၇ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

လေးစားမြတ်နိုးထိုက်ပါသော ကျေးဇူးရှင်တောင်သူလယ်သမားများနှင့် လုပ်သား ပြည်သူမိဘအပေါင်းတို့ခင်ဗျား…

ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာထိ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းနိုးကြား ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ...

ကျွန်တော်ကတော့ ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီဗဟိုကော်မတီဥက္ကဋ္ဌ ဦးမင်းသူ ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ပထမဦးဆုံး ကျေးဇူးတင်စကားပြောလို တာကတော့ ကျေးဇူးရှင် လယ်သမားဦးကြီးများ စိုက်ပျိုးသောဆန်ကို စားပြီး ပါတီဥက္ကဋ္ဌ ဖြစ်လာခြင်းနှင့်နိုင်ငံရေးတွင် လူငယ်များရွပ်ရွပ်ချွံချွံပါဝင်ခွင့် ရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး၊ နိုင်ငံတော် သမ္မတကြီးနှင့်အတူတကွ ကျွန်တော်တို့ပါတီ၏ အမှတ်တံဆိပ်အဓိပ္ပာယ်နှင့်မူဝါဒသဘောထား၊ လုပ်ငန်းစဉ်များကို တင်ပြခွင့်ပေးသော ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့ရုပ်မြင်သံကြား ဝန်ထမ်းများ အားလုံးနှင့် နားသောတဆင်ပေးသောမိဘပြည်သူမဲဆန္ဒရှင်အပေါင်းတို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မင်္ဂလာ ပါလို့ နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျား-

ကျွန်တော်တို့ ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီကို ၂၉-၄-၂၀၁၅ တွင် တည်ထောင်ခွင့်လျှောက်ထားပြီး ၅-၈-၂၀၁၅ ရက်နေ့တွင် ပါတီမှတ်ပုံတင်အမှတ်-၉၉ ဖြင့် ပါတီတည်ထောင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့များမှာ လယ်သမားစစ်စစ်ကြီးများနှင့် ဖွဲ့စည်းထားသလို ရှေ့နေ(၃)ဦးနှင့် ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီရဲ့ ပါတီ အလံအမှတ်တံဆိပ်ရဲ့အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားပေးပါမယ်ခင်ဗျား-

၁။ ပါတီ၏အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ပါတီ၏အမည်မှာ ပြည်ထောင်စုတောင်သူ လယ်သမား အင်အားစုပါတီ ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားဖြင့်   Union Farmer Force Party ဟု ခေါ်တွင်စေရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်း နေထိုင်ကြသော အလုပ်သမား၊ လယ်သမားများ အစဉ်အေးငြိမ်းချမ်းသာရေးအတွက်နောင်တက်လာမည့် အစိုးရအဆက်ဆကနှင့် စုပေါင်းညီညာလက်တွဲကာ အင်အားယူပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ် လာရေးကို အဓိကထားပြီး မြန်မာ့လယ်သမားကို ကမ္ဘာကသိရှိပြီး အလေးထားလာစေရန် ရည်သန်ပါသည်။

၂။ ပါတီအလံနှင့်တံဆိပ်၏ အဓိပ္ပာယ်

၁။ အနီရောင်နောက်ခံထားပြီး အရွယ်တူကြယ်ဖြူ(၁၄)လုံး၏ အလယ်နှင့် အစိမ်းရောင်စက်ဝိုင်း၏အလယ်တွင် ပြုံးရွှင်တက်ကြွနေသောမျက်နှာဖြင့် တံစဉ်ကိုင်ကာ စပါးရိတ်သိမ်းနေသော လယ်သမားပုံကို အသိအမှတ်ပြုရေးဆွဲထားပါသည်။

(က) အနီရောင်နောက်ခံသည် လယ်သမားအပေါင်းတို့၏ သွေးသည် ရဲရင့်ပြီး နိုင်ငံတော်အပေါ်သစ္စာ ရှိမည့်စိတ်ဓာတ်ကို ရည်ညွှန်းပါသည်။

( ခ ) အရွယ်တူကြယ်ဖြူ(၁၄)လုံးသည် တိုင်းနှင့်ပြည်နယ်(၁၄)ခုတို့အားကိုယ်စားပြုပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အဆင့်အတန်းမခွဲခြားဘဲ တန်းတူရည်တူရှိမှုကို ဖော်ညွှန်းပါသည်။

( ဂ ) အစိမ်းရောင်စက်ဝိုင်းသည် ၇၀% ရှိသော ပြည်ထောင်စုတောင်သူ လယ်သမားများ၏စွမ်းအားဖြင့် နိုင်ငံတော်ကြီးအေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်စေရမည်ဟု ရည်ညွှန်းပါသည်။

(ဃ) ပြုံးရွှင်တက်ကြွနေသော လယ်သမား၏ပုံသည် ရန်သူမျိုးငါးပါးမည်သို့ပင်ကျရောက်ပါစေ ပင်ပန်းဆင်းရဲခံနေရမှုကို သားသမီးတို့အား အသိမပေး ဘဲအပြုံးဖြင့် အစဉ်လုပ်ကျွေးနေမည်ဟူသော ဖခင်ကောင်း၏စိတ်ဓာတ်ကို ရည်ညွန်းပါသည်။

 ( င ) တံစဉ်ကိုင်ကာ စပါးရိတ်သိမ်းနေဟန်သည် ၇၀% ရှိသော တောင်သူလယ်သမားအင်အားဖြင့် နိုင်ငံအတွင်း စားနပ်ရိက္ခာထာဝရဖူလုံရေးအတွက်အားကြိုးမာန်တက်ကြိုးစားနေသကဲ့သို့ တံစဉ်ကိုင်သောလက်သည် တိုင်းတစ်ပါးမှ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးစော်ကားလာပါက တပ်မတော်နှင့်အတူ နိုင်ငံတော်ကိုကာကွယ်ရန်ဟူသော အမျိုးသားရေးစိတ်ဓာတ်ကို ရည်ညွှန်းပါသည်။

၂။ ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ၏ သုံးစွဲသည့်အလံနှင့်တံဆိပ်မှာ အတူတူပင် ဖြစ်ပါတယ်။

မူဝါဒသဘောထား (မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား)

ကျွနု်ပ်တို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် တိုင်းနှင့်

ပြည်နယ်(၁၄)ခုတို့တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅မျိုးရှိပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် တည်ဆောက်ထားသော နိုင်ငံတော်ကြီးဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကိုတိုင်းရင်းသားအားလုံးတို့ ပိုင်ဆိုင်ကြသကဲ့သို့ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သွေးစည်းညီညွတ်မှု၊ အခြေပြုရပ်တည် ဖွဲ့စည်းထားသည့် နိုင်ငံတော်ကြီးဖြစ်ပါသည်။ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် မြန်မာနိုင်ငံ၏ ၇၀%ရှိသော ကျေးလက်နေတောင် သူလယ်သမားများ၏လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်သို့ မြှင့်တင်ရေး၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ပိုမိုဆောင်ရွက်ရေးနှင့် မြို့ပေါ်နေအလုပ် သမားလူတန်းစားများ၏ ဘဝတိုးတက်မြင့်မားရေးကိုအခြေပြုလျက် ပြည်ထောင်စု တောင်သူလယ်သမားအင်အားစုပါတတီကို ဖွဲ့စည်းတည်ထောင်လိုက်ခြင်း ဖြစ်ပါသည်။

ပါတီကိုအမည်ပေးရာ၌ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတော်ဖြစ်သလို၇၀%မှာ တောင်သူလယ်သမားများ အများစုဖြစ်ကြပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားတောင်သူလယ်သမားများ၏အင်အားနှင့် စုစည်းပြီး ခေတ်အဆက်ဆက် တက်လာမည့် အစိုးရနှင့် လက်တွဲညှိနှိုင်းကာ ပြည်ထောင်စုကြီးအေးချမ်းသာယာ ရေးကိုရှေးရှုလျက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)/၂၁(က) အရနိုင်ငံသားတိုင်း၏ အခွင့်အရေးရရှိရေးကိုရည်ရွယ်ပြီး ''ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ'' ကို ဖွဲ့စည်းတည်ထောင်ပါသည်။

နိုင်ငံရေးဆိုင်ရာမူဝါဒ

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ကျုးကျော်လာပါက တံစဉ်ကိုင်ကာ ပြည်သူ ၅၁ သန်းအားအလုပ်အကျွေးပြုနေသော လယ်သမားလက်သည် တပ်မတော်နှင့်အတူ ယှဉ်တွဲ တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် ရပ်တည်မည်။

( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပွင့်လင်းမြင်သာသောလူ့အဖွဲ့အစည်းကြီးအား အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ဒီမိုကရေစီစနစ်ကို အခြေခံသည်နှင့်အညီ အချုပ်ခြာအာဏာ သည်ပြည်သူ့လက်ဝယ်သို့ရောက်ရှိရေးကို အလေးထားရပ်တည်မည်။

( ဂ ) အမျိုးသားသင့်မြတ်ပေါင်းစည်းရေးအတွက် နိုင်ငံ၏လွတ်လပ်ရေး သက်တမ်းနှင့်အမျှ တွေ့ကြုံခဲ့ကြရသည့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းရေးအတွက်အမျိုးသားရေးအမြော်အမြင်အပေါ်အခြေခံသည့် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေး အဖြေရှာပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားတောင်သူလယ်သမားတို့၏ အင်အားဖြင့် အမျိုးသားရေးကို သစ္စာမဖောက်ဘဲ အမျိုးသားအကျိုးစီးပွားကို အစဉ်ကာကွယ် စောင့်ရှောက်သွားရမည်ဟု အလေးအနက်ယုံကြည်သည်။

(ဃ) ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့်ပြည်နယ်များအား စုပေါင်းတည်ထောင်သည့် ပြည်ထောင်စုကြီးအဖြစ် ဖွဲ့စည်းခြင်းဖြင့်တိုင်းရင်းသားလူမျိုးစုများ၏ လိုလားချက်ကို ဖြည့်ဆည်းပေး ရမည်ဟု အလေးအနက်ခံယူသည်။

( င ) လူထုလူတန်းစားကို ကိုယ်စားပြုသည့် ပွင့်လင်း၍ ထင်သာမြင်သာ ရှိသော အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိရမည်ဖြစ်သည်နှင့်အညီ-

(၁) အလုပ်သမားလူတန်းစား ကိုယ်စားပြုအဖွဲ့အစည်းများ။

(၂) လယ်သမားလူတန်းစား ကိုယ်စားပြုအဖွဲ့အစည်းများ။

(၃) မြို့နေလူတန်းစား ကိုယ်စားပြုအဖွဲ့အစည်းများ။

(၄) တိုင်းရင်းသားလုပ်ငန်းရှင်များ ကိုယ်စားပြုအဖွဲ့အစည်းများ။

(၅) အမျိုးသမီးနှင့်လူငယ်အဖွဲ့အစည်းများ။

(၆) ကျောင်သားသမဂ္ဂများဖွဲ့စည်းခွင့်ရရှိရေးကို ထောက်ခံဆောင်ရွက် ပါမည်။

၁။ ဥပဒေရေးရာမူဝါဒ

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

ဥပဒေပြဋ္ဌာန်းရေးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အဓိကဖြစ်ပါတယ်။ ထို့ကြောင့် ဥပဒေအထက်မှာ မည်သူမှမရှိစေရဘဲ ဥပဒေကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားအားလုံးက တန်းတူ လက်ခံကျင့်သုံးမှသာလျှင် တရား ဥပဒေစိုးမိုးမည်ဖြစ်ပါတယ်။

လယ်သမားများအတွက် လယ်ယာမြေလုပ်ကိုင်ခွင့်ဥပဒေနှင့် လယ်ယာမြေသိမ်းဆည်းမှုတွင် ဥပဒေနှင့်အညီရှိရမည် ဖြစ်ပါတယ်။ အလုပ်သမားများအတွက်လုပ်ခလစာ ထိုက်ထိုက်တန်တန်ရရှိနိုင်ရန် ဥပဒေပြဋ္ဌာန်းရေးနှင့် လုပ်ငန်းခွင် အတွင်း ပျက်စီးဆုံရုံးခံလိုက်ရသော အလုပ်သမားတစ်ဦး၏ ကိုယ်လက်အင်္ဂါချို့ယွင်းမှုအတွက် ထိုက်တန်သောထောက်ပံ့မှုများရရှိနိုင်ရေးနှင့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုပေးနိုင်သော အလုပ်သမားရေးဝန်ကြီးများ ပေါ်ပေါက်လာရေးကို ဆောင်ရွက်မည် ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်းသည် တရားဥပဒေစိုးမိုးရေးကိုလက်ခံပြီး ဥပဒေ၏အကာအကွယ်ကို အပြည့်အဝရရှိခံစားနိုင်စေရန်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၂။ ကျန်းမာရေးဆိုင်ရာမူဝါဒ

ဆင်းရဲသားလယ်သမား အလုပ်သမားများအတွက် ကျန်းမာရေးဟာအဓိကပါ။ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အများကြီးလိုအပ်ပါတယ်။ စီးပွားရေးနှင့်လမ်းပန်း ဆက်သွယ်ရေး မကောင်းသော ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများရောက်ရှိမှုနည်းပါးနေမှုကို ယခုမျက်မှောက်ကာလတွင် တွေ့မြင်နေရပါတယ်။ ၎င်းတို့ကိုလည်း အဓိကထားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

၃။ စီးပွားရေးဆိုင်ရာမူဝါဒ

ဆင်းရဲသားလယ်သမား အလုပ်သမားများအတွက် ခိုင်လုံသော စီးပွားရေးအဆင်ပြေစေရန် တည်ငြိမ်သောစပါးဈေးကွက်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ကို အလေးထားဆောင်ရွက်မည်။

၄။ ပညာရေးဆိုင်ရာမူဝါဒ

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းဆက်ဆံရာတွင် အဓိကအကျဆုံးမှာပညာရေးပင်ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကောင်းဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ပညာရေးဝန်ထမ်းများ အများအပြားလိုအပ်ပါတယ်။ လယ်သမားများအတွက် လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းရေးမှာ အဓိကအကျဆုံးအရာဟာ ပညာရေးပင်ဖြစ်ပါတယ်။ ပညာတတ်မှ နည်းပညာကိုသိမှာပါ။ နည်းပညာသိမှသာလျှင် နိုင်ငံတော်သမဝါယမအသင်းစုနှင့်ကုမ္ပဏီများမှ အရစ်ကျချပေးသော လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို စနစ်တကျအသုံးပြုလာနိုင်ပြီး စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်မှုမှာ လွယ်ကူလာမှာဖြစ်ပါ တယ်လို့ ပြောကြားလိုပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများတွင် စာသင်ကျောင်းများလည်း ရှားပါးသကဲ့သို့ ပညာရေးဝန်ထမ်းများလည်း မျက်မှောက်ကာလမှာ ရှားပါးနေမှုများကို တွေ့မြင်ရပါတယ်။ ထို့ကြောင့် ၎င်းဒေသရှိ ကျေးရွာလူကြီးများမှ မိမိတို့ကျေးရွာအတွက် နေ့စားလပေး ဆရာ၊ ဆရာမများကို ခေါ်ယူလျက်ရှိနေသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါတယ်။ နေ့စားလပေးဆရာ၊ဆရမများသည် ပညာရေးကောလိပ်မှ ဆင်းသက်လာသော ပညာရေးဝန်ထမ်းများ မဟုတ်သောကြောင့် သင်ကြားရေးမှာ မတိုးတက်ဘဲရှိနေသည်ကို တွေ့မြင်နေရပါတယ်။ အဆိုပါပြဿနာများကိုလည်း အဓိကဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ ပြည်ထောင်စု တောင်သူလယ်သမားအင်အားစုပါတီမှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် (၅)မြို့နယ်၊ (၅)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။ ဝေါမြို့နယ်၊ ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း(၃)ဦး၊ ကဝမြို့နယ် မဲဆန္ဒနယ်မြေ(၁)တွင် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းတစ်ဦး၊ သနပ်ပင်မြို့နယ် မဲဆန္ဒ နယ်မြေ(၂) တွင် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း(၁)ဦးတို့ဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ရှေ့လုပ်ငန်းစဉ်

မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျား-

ရွေးကောက်ပွဲကြီးအလွန်၌ ကျွန်တော်တို့ပါတီ၏ လွှတ်တော်အတွင်းမှလည်းကောင်း၊ လွှတ်တော်ပြင်ပမှလည်းကောင်း စွမ်းစွမ်းတမံဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆောင်ရွက်သွားပါမယ်-

၁။ အမှန်တကယ် လယ်ယာမြေလုပ်ကိုင်နေသော တောင်သူလယ်သမားကြီးများအား စိုက်ပျိုးစရိတ်ချေးငွေအချိန်မီရရှိရေး။

၂။ မျိုးစပါးများအား မျိုးကောင်းမျိုးသန့်ထုတ်ပေးနိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင် ကုန်သည်ကြီးများမှ မျိုးကောင်းမျိုးသန့်များ ရောင်းချပေးမှုအား တာဝန်ယူမှု၊ တာဝန်ခံနိုင်သောဥပဒေများ ပြဋ္ဌာန်းနိုင်ရေး။

၃။ သွင်းအားစုဟုခေါ်တွင်သော ဓာတ်မြေသြဇာများအား သင့်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး။

၄။ ထွက်ရှိလာသော စပါး၊ ကောက်ပဲသီးနှံများအား ရသင့်ရထိုက်သောဈေးနှုန်းများရရှိစေရေးနှင့် ဈေးကွက်ဖော်ဆောင်ရေး။

၅။ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ခေတ်မီဖွံ့ဖြိုးပြောင်းလဲရေး အတွက် သင်တန်းများ ပို့ချနိုင်ရေး။

၆။ အမှန်တကယ် လုပ်ကိုင်စိုက်ပျိုးနေသော တောင်သူလယ်သမားကြီးများ၏ လယ်ယာမြေဧကနှင့်အညီ ချေးငွေများကို ရရှိစေရေး။

၇။ အမှန်တကယ်လုပ်ကိုင်နေသော တောင်သူလယ်သမားကြီးများ၏ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိနိုင်ရေးနှင့် လယ်သမားစစ်စစ်များ ကိုသာ ပုံစံ(၇)ထုတ်ပေးနိုင်ရေး။

၈။ လယ်ယာကုန်ထုတ်သီးနှံများ ရောင်းချရန်အတွက် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးရေးနှင့် ကျေးရွာတိုင်းတွင် ပြုလုပ်ပေးနိုင်ရေး။

၉။ တောင်သူလယ်သမားများ လူသုံးကုန်ပစ္စည်းများ သက်သာစွာဝယ်ယူ နိုင်ရေးအတွက် လယ်သမားသက်သာဆိုင်များ ကျေးလက်ဒေသများတွင် ဖွင့်လှစ်နိုင်ရေး။

၁၀။ ကျေးဇူရှင်လယ်သမားကြီးများ အမှန်တကယ် စိုက်ပျိုးနေသောလယ်ယာမြေများအား သိမ်းယူမှုမရှိစေရေးကို နောင်တက်လာမည့် အစိုးရအဆက်ဆက်နှင့် ညှိနှိုင်းဆောင်ရွက်သွားရေး။

၁၁။ ဆုံးရှုံးသွားသော လယ်ယာမြေများအား ကျေးဇူးရှင်တောင်သူ လယ်သမားကြီးများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် နောင်တက်လာမည့် အစိုးရအဆက်ဆက်နှင့် ညှိနှိုင်းဆောင်ရွက်ကာ လယ်သမားများ လက်ဝယ်သို့ လယ်ယာမြေများ ပြန်လည်ရောက်ရှိရေးကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၁၂။ ဆင်းရဲသားလုပ်သားအလုပ်သမားများအတွက် သက်သာဆိုင်များ ဖွင့်လှစ်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီများမှ အလုပ်သမားအခွင့်အရေးအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုများကိုလည်း နောင်တက်လာမည့် အစိုးရ သက်ဆိုင်ရာဝန်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့တိုင်းပြည်ဟာ ရိုးသားကြိုးစားသော အလုပ်သမား၊ လယ်သမားများနှင့် နိုင်ငံတည်ထားခြင်းပဲဖြစ်ပါတယ်။ ဥပမာဆိုလျှင် နိုင်ငံရဲ့လယ်သမား၊အလုပ်သမားများက ကောင်းကင်မှာရှိသော ကြယ်ပွင့်များနှင့်တူပါတယ်။ ကြယ်ပွင့်တွေဟာ နေရောင်ခြည်ရဲ့စွမ်းအားနှင့် ညအခါမှ အလင်းပြန်ပေးနိုင်တာပါ။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ အဖစွမ်းအင်နှင့်တူသော နေရောင်ခြည်ကဲ့သို့မေတ္တာ အလင်းဓာတ်ပေးနိုင်သော ဆင်းရဲသားလယ်သမား၊ အလုပ်သမား မိဘပြည်သူ့အသံကို အစဉ်ဂရုစိုက်နားထောင်သော နိုင်ငံတော်သမ္မတပေါ်ထွန်းရေးနှင့် လမင်းကဲ့သို့ အေးမြခြင်းပေးစွမ်းနိုင်သော အမိနှင့်တူသော မေတ္တာဓာတ်ပေးစွမ်း နိုင်သော ပြည်သူအသံကို အကောင်ထည်ဖော်ခွင့်ပေးနိုင်မည့် လွှတ်တော်သုံးရပ်၏ ဥက္ကဋ္ဌများပေါ်ထွန်းလာမှသာ ဆင်းရဲသားလယ်သမား အလုပ်သမားများ၏ဘ၀ ဟာလည်း နိုင်ငံတော်ကိုပြန်လည်ပြီး အလင်းခွန်အားများပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါသောကြောင့် နိုင်ငံတော်အေးချမ်းသာယာဝပြောပြီး ပါတီစုံဒီမိုကရေစီပေါ်ထွန်းရေးအတွက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကောင်းမွန်သော လွှတ်တော် ကိုယ်စားလှယ်များနှင့် ကောင်းမွန်သော သမ္မတများအား မိဘပြည်သူတို့၏ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နောင်နှစ်ပေါင်းများစွာထ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျား။

ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ

 ၁။  ပါတီအမည်  -  ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ
 ၂။  ပါတီအမည်(English)  -  Union Farmer Force Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၉.၄.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးမင်းသူပါ(၁၆) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးမင်းသူ၊ ဦးကျော်မြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂.၇.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၃.၇.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၄.၈.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၉)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၄၇၈)၊ နန်းတော်ကုန်း (၁) လမ်း၊ နန်တော်ရာရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၅၈၀၂၁၂၃၃၊ ၀၉-၃၃၈၇၇၅၁၁ (ဦးမင်းသူ)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly