ဗိုက်အရမ်းမနာစေဘဲ မီးဖွားလို့ရစေတဲ့ Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

ဗိုက်အရမ်းမနာစေဘဲ မီးဖွားလို့ရစေတဲ့ Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
မီးဖွားတဲ့ မိခင်တိုင်း နာကျင်မှု ဝေဒနာခံစားရတာဟာ သဘာဝတရားကြီးက ဖန်ဆင်းပေးထားပါ။ ဒါပေမယ့် ခုနောက်ပိုင်း မီးဖွားချိန်မှာ နာကျင်မှု လုံးဝမရှိအောင် လုပ်ပေးနိုင်တဲ့အထိ ဆေးပညာကြီးက အရမ်းတိုးတက်လာပါတယ်။ ဒါဟာ မီးဖွားလို့နာကျင်ရတဲ့ မိခင်တွေ အတွက် အနာသက်သာ စေမယ့် အားသာချက်တွေ ရှိသလို သဘာဝတရားကြီးကို ဆန့်ကျင့်ထားတာကြောင့် ဆိုးကျိုးတွေ လည်း ဖြစ်စေပါတယ်။ ဘယ်လိုမျိုးတွေ လဲဆိုတာ ကြည့်လိုက်ရအောင် ။ ။

ဗိုက်မနာစေဘဲ မီးဖွားလို့ရတဲ့ နည်းတွေထဲကမှ  အသုံးအများဆုံးနဲ့ အထိရောက်ဆုံးလို့ လက်ခံထားတဲ့ နည်းကတော့ Epidural Analgesia (EA) လို့ခေါ်တဲ့ နည်းဖြစ်ပါတယ်။ သူက ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်ခြင်းအာရုံကြောကို ပိတ်ပေးကာ မီးဖွားချိန် နာကျင်ခြင်းကို  မခံစားရစေတဲ့ နည်းဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ အားသာချက် အားနည်းချက်လေးတွေကို လေ့လာကြည့်ရအောင် ။ ။
 Painless Delivery လို့ခေါ်တဲ့ ဗိုက်မနာဘဲ မီးဖွားခြင်းနောက်ကွယ်က ဇာတ်လိုက် Epidural Analgesia (EA)  ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

 အားသာချက်တွေကတော့

  •     မီးဖွားမယ့် မိခင်တိုင်းကြုံကိုကြုံရမယ့် ဗိုက်နာခြင်းကို လျှော့ချပေးတာပါပဲ။ ဗိုက်မနာစေဘဲ မီးဖွားလို့ရတဲ့ နည်းတွေထဲက တစ်ခုဖြစ်တဲ့ Epidurals ဆိုရင် မီးဖွာပြီးနောက်ပိုင်းဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ မောပန်းခြင်းတွေကို ပါသက်သာစေပါတယ်
  •     ကလေးမျက်နှာက ပုံမှန် မိခင်ကျောရိုးဘက်ကို မျက်နှာမမူဘဲ ဗိုက်ဘက်ကို မျက်နှာမူထားတဲ့ အနေမထားမမှန်တဲ့ ပုံမျိုးဆိုရင်တောင် epidural injection နည်းက မိန်းမကိုယ် ကြွက်သားတွေကို ပြေလျော့စေလို့ ကလေးဆင်းရ လွယ်အောင် လုပ်ပေးဦးမှာပါ။
  •     နာကျင်တဲ့အခါမှာ သွေးပေါင်ချိန်တက်လေ့ရှိပါတယ်။ နဂိုတည်းက သွေးတိုးနေတဲ့ မေမေတို့ ဗိုက်နာတဲ့အချိန်ဆို သွေးပေါင်တက်တာ ပိုဆိုးတာပေါ့။ ဒီလိုအခါမျိုးကျရင် ဗိုုက်မနာစေတဲ့ မီးဖွားနည်းက သွေးပေါင် မကတ်အောင် ကူညီပေးမှာ ဖြစ်လို့ တစ်ချက်ခုတ် နှစ်ချက်တောင်ပြတ်မှာနော်။
  •     အခန့်မသင့်လို့ ညှပ်ဆွဲမွေးတာ၊ ခွဲမွေးရတာမျိုးတွေ လိုအပ်လာရင် နဂိုတည်းက epidural injection နည်းသုံးထားတော့ လွယ်လွယ်ကူကူပဲ အချိန်တိုအတွင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
  •     တခြားလေ့လာချက်တွေ ပြောထားတာကတော့ epidural နည်းနဲ့ ကလေးမွေးတဲ့သူအများစုရဲ့ တင်ပဆုံထိန်းကြွက်သားဟာ ကလေးမွေးစဉ်အတွင်း ထိခိုက်မှု အများကြီး မဖြစ်ဖူးလို့ဆိုပါတယ်။

လောကကြီးဆိုတာကလည်း  အကောင်းနဲ့ အဆိုး ၂ ခု အမြဲဒွန်တွဲနေတာမလား။ ဒီတော့ ဗိုက်မနာစေဘဲ မီးဖွားလို့ရခြင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။ ဘာတွေလဲ ဆက်ကြည့်လိုက်ရအောင် ။

  •    
    Epidurals ဆိုတာ ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းရတာဖြစ်တဲ့အတွက် ခါးနာတာ၊ ချမ်းတုန်တာနဲ့ မူးဝေတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
  •     ထုံဆေးကြောင့် မိခင်ရဲ့ သွေးပေါ့င်ချိန် ထိုးကျတာတွေလည်း ရှိနိုင်ပြီး ပုံမှန် သွေးပေါင်ချိန်ကို ပြန်မရောက်လာနိုင်တဲ့အခါ ခွဲမွေးရတာမျိုးတွေ လုပ်ရနိုင်ပါတယ်။
  •     ခါးဆစ်ရိုးထဲ ဆေးထိုးလိုက်တဲ့ ဒဏ်ကြောင့် ခါးဆစ်ရိုးအရည်တွေ စိမ့်ထွက်တာမျိုးရှိနိုင်ပြီး ခေါင်းပြင်းပြင်းထန်ထန် ကိုက်တာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။
  •     ရှိတော့ရှိပေမယ့် ရှားပါးတဲ့ ကိစ္စတစ်ခုကတော့ ဆေးထိုးနေတဲ့ အချိန်အတွင်း အာရုံကြောတွေကိ ုထိခိုက်မိသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။
  •     နောက်ပြီး ဒီလို ဗိုက်မနာစေဘဲ မီးဖွားနိုင်အောင်လုပ်ပေးတဲ ့ထုံဆေးတွေကြောင့် အောက်ပိုင်း ထုံနေတာမျိုးတွေ ကလေးမွေးပြီးတောင် အချိန် တော်တော်ကြာတဲ့အထိ ဆက်ရှိနေတတ်ပါတယ်။

အားနည်းချက် အားသာချက်တွေ တွဲနေတာကြောင့် သမရိုးကျနည်းနဲ့ပဲ မီးဖွားမလား၊ ဒီလို ခေတ်သစ်ဆေးပညာနဲ့ပဲ မီးဖွားမလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာပဲ မူတည်နေပါတယ်။ ဒီလို အားသာချက်  အားနည်းချက်တွေ ရှိပေမယ့်လည်း မီးဖွားရင်နာမှာကြောက်တဲ့ မေမေတို့အတွက်တော့ ဒီ epidural နည်းလေးက အားကိုးလို့ရမယ့် အရာတစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို ဆုံးဖြတ်ခါနီးရင် သူ့အကြောင်း ထဲထဲ ဝင်ဝင်သိဖို့ သေသေချာချာ စဉ်းစားဖို့တော့ လိုမယ်နော် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly