မာန်အောင်မြို့နယ်တွင် ရဟန္တာ ငါးရာ ထုလုပ်

မာန်အောင်မြို့နယ်တွင် ရဟန္တာ ငါးရာ ထုလုပ်
ဓာတ်ပုံ - Ven U Kundala Facebook

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ တတိယ အမြင့်ဆုံးတောင်ဖြစ်သော ပေ ၆၄၀ ကျော်မြင့် သည့် ဂန္ဒဗ္ဗမြေနီတောင်တွင် ရဟန္တာ ၅၀၀ တည်ထားကိုးကွယ်ရန် ပရဟိတာ လူငယ်များမှ ဦးစီး၍ ထုဆစ်နေကြောင်း သိရသည်။

ပရဟိတ လူငယ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုကျော်မိုးနိုင်က “ဒီဘုရား တည်ထားကိုးကွယ်ရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ တောင်တွေမှာ သာသနာ့ အဆောက်အဦးတွေလည်း မရှိတော့ ဒီရဟန္တာ ငါးရာ တည်လိုက်တဲ့အတွက်ကြောင့် ဘုရားဖူးလာတဲ့ လူတွေကလည်း ဘုရားဖူးလို့ရမယ်။ နောက်ပြီးတော့ ဘာသာရေး အဆောက်အဦးတွေ ပိုပြီး ကျယ်ပြန့်လာမှာပေါ့” “ကလေးတွေကအစ စိတ်ဝင်စားပြီးတော့ မြေနီတောင်ရွာလည်း ပိုပြီးတော့ သာယာဝဖြိုးမယ် ပေါ့။ နောက်ပြီးတော့လည်း အလိုတော်ပြည့် ဆရာတော်ကလည်း ဉာဏ်တော်အမြင့် ၄၅ ပေရှိတဲ့ ဘုရားတစ်ဆူလည်း တည်နေတယ်လေ။ ရန်ပြေမာန်ပြေဘုရားပါ” ဟု ပြောသည်။

ဆွမ်းခံကြွလာဟန် ယင်းရဟန္တာ ရုပ်တုများကို စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ထုနေပြီး လက်ရှိတွင် ၅၀ ကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ထိပ်ဆုံးရှိ ရဟန်းဒါရုပ်တုအား အမြင့်ပေ ၉ ပေထား ရှိပြီး၊ ကျန် ရဟန္တာများကို ၆ ပေ သတ်မှတ်ထားသည်။ ကိုယ်လုံးကို ၁ ဒသမ ၅ ပေ သတ်မှတ်ထားပြီး တစ်ပါးနှင့် တစ်ပါးကြာ နှစ်တောင်ခြားထားသည်ဟု ကိုကျော်မိုးနိုင်က ဆိုသည်။

“ပြီးတော့ ရှေ့က ရသေ့တစ်ပါးဟာ လဲလျောင်းပြီးတော့ ရှိခိုးနေတဲ့ပုံလည်း ပါတယ်။ နောက်ပြီး တော့ ရဟန္တာတစ်ပါးဟာ ရှိခိုးနေတဲ့ပုံလေး ပါတယ်။ အခု မြေနီတောင်ဟာ မာန်အောင်မြို့နဲ့ ၁၂ မိုင် ကွာဝေးပါတယ်။ မြို့ရဲ့ အနောက်ဖက်မှာ တည်ထားတာဖြစ်ပါတယ်။ မျက်နှာမူတာကတော့ အရှေ့ ဘက်ကို မူပါတယ်။ အနောက်ဘက်က ဆွမ်းခံကြွလာပြီး တောင်အောက်ကို ဆင်းသွားတဲ့ပုံစံလေးပါ” ဟု ပြောသည်။

ယင်းမြေနီတောင်တွင် အဆောက်အဦးများလည်း တည်ဆောက်ရန်နှင့် ဘုရားပုထိုးများ ပွားများစေရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းမြေနီတောင်သည် ဘုရားရှင်မပွင့်မီကာလ ဟာနုမာန်မျောက်မင်း ရာဇာဝင်ရှိခဲ့ဖူးကြောင်း၊ ဘုရားရှင် လက်ထက်တွင်လည်း သာသနာ အလွန်ထွန်းကားထင်ပေါ်ခဲ့သည့် နေရာဖြစ်ကြောင်း သမိုင်း အထောက်အထားအရ သိရသည်။

ယခုလက်ရှိ တည်နေဆဲ ရဟန်းဒါ ၅၀၀ ကို တစ်နှစ်လျင် အပါးတစ်ရာ တည်ထားသွားမည် ဖြစ်ကြောင်း ပရဟိတအဖွဲ့ဝင် ကိုကိုနိုင်ဗျာလက ပြောကြားခဲ့သည်။ ရဟန်းတာတစ်ပါးကို ကုန်ကျငွေ ၁၈၀,၀၀၀ ကျပ်ရှိပြီး ပူဇော် လှူဒါန်းလိုသူများအနေဖြင့်လည်း မာန်အောင်မြို့ရှိ တောင်နီဆရာတော်ကို ဆက်သွယ်ကာ လှူဒါန်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required