‘ဂျပန် မက်ဆီ’လို့ နာမည်ကြီးနေတဲ့ လူငယ်ကစားသမားလေးကို ခေါ်ယူလိုက်တဲ့ ရီးယဲလ်မက်ဒရစ်

‘ဂျပန် မက်ဆီ’လို့ နာမည်ကြီးနေတဲ့ လူငယ်ကစားသမားလေးကို ခေါ်ယူလိုက်တဲ့ ရီးယဲလ်မက်ဒရစ်
Photos: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ "ဘောလုံးလောကမှာ အလားအလာ အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ယောက်အဖြစ်" သတ်မှတ်ခံရပြီး "ဂျပန် မက်ဆီ"လို့ နာမည်ကြီးနေတဲ့ တာခဲဖူဆာ ကူဘို (Takefusa Kubo) ကို စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမား ကူဘိုကို ခေါ်ယူရာမှာ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ကူဘိုဟာ အသက် ၁၀ နှစ်အရွယ် ကလေးသာသာအရွယ်မှာ ဘာစီလိုနာအကယ်ဒမီနဲ့ ပူးပေါင်းခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ အသက် (၉)နှစ်မှ (၁၃)နှစ်ကြား လူငယ်ကစားသမား မခေါ်ယူရဆိုတဲ့ ဖီဖာစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် ဂျပန်ကစားသမားမှာ ၂၀၁၅ ခုနှစ်က အသင်းကနေ ထွက်ခွာသွားခဲ့ရပါတယ်။

ကူဘိုဟာ ရီးယဲလ်မက်ဒရစ်ရဲ့ အရံအသင်း ကာဆီလာအသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကူဘိုဟာ ဂျပန်လက်ရွေးင်အသင်းကြီးအတွက် သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ကို ဇွန်လ ၉ ရက်က အယ်လ်ဆာဗေးဒေါအသင်းနဲ့ ပွဲမှာ ကစားခွင့်ရခဲ့ပြီး ဘရာဇီးလ်နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် ဂျပန်အသင်းလူစာရင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။

မက်ဒရစ်ဟာ ကစားသမားအတွက် ဂျပန်ကလပ် အက်ဖ်စီတိုကျိုအသင်းကို ယူရို (၂)သန်း (ပေါင် ၁.၇၈ သန်း) ပေးချေရမှာဖြစ်တယ်လို့ မာကာက ဖော်ပြထားပါတယ်။

"ကျနော်တို့ အနေအနဲ့ ကမ္ဘာ့ဘောလုံးလောကက အလားအလာ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးကို ခေါ်နိုင်ခဲ့ပါပြီ။ နည်းစနစ်ပိုင်း ကြေညက်ပြီး စွမ်းရည်ကောင်းတွေရှိတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေးပါ။"လို့ ရီးယဲလ်အသင်းက သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ပြန်ကြောညာခဲ့ပါတယ်။

ကူဘိုဟာ ၂၀၁၉ ခုနှစ်က အက်ဖ်စီတိုကျိူအသင်းအတွက် (၁၃)ပွဲ ကစားပေးခဲ့ရာမှာ (၄)ဂိုး သွင်းယူခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly