“ လမ်းမကြီးတွေရဲ့ သုံးပုံတစ်ပုံ ခရိုနီတွေကို ပေးဦးမလား ”

“ လမ်းမကြီးတွေရဲ့ သုံးပုံတစ်ပုံ ခရိုနီတွေကို ပေးဦးမလား ”

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီလို့ နာမည်ပေးထားတဲ့ အစိုးရနဲ့ ခရိုနီတစ်ချို့ ပူးပေါင်းထားတဲ့ ကုမ္ပဏီဟာ ရန်ကုန်မှာ SRT စနစ်နဲ့ ဘတ်စ်ကားလိုင်း ပြေးဆွဲဖို့ ကြံစည်နေ တာ ကြာပါပြီ။ ခုဆိုရင် အဲဒီယာဉ်လိုင်း အသုံးပြုဖို့ လမ်းရဲ့ ညာဘက်ယာဉ်ကြောကို အသုံးပြုဖို့ အစိုးရအဖွဲ့ကတောင် ခွင့်ပြုပေးလိုက်ပါပြီ။ SRT  ဆိုတာ Semi Bus Rapid Transit ကို အတို ကောက် ခေါ်တာပါ။

နဂိုတုန်းကတော့ အဲဒီကုမ္ပဏီက သူတို့လုပ်မယ့် အစီအစဉ်ကို Bus Rapid Transit BRT ဆိုပြီး သုံးနှုန်းခဲ့ကြပါတယ်။ နောက်တော့မှ ဘယ်က တီထွင်လာမှန်း မသိတဲ့ SRT ဆိုတဲ့ နာမည် ပြောင်းသုံး ပါတယ်။ ဘတ်စ်ကား အကောင်းစားတွေနဲ့ ပြေးဆွဲမယ်၊ ပြည်သူတွေ အဆင်ပြေစေရမယ်၊ သွားလိုရာခရီး မြန်မြန်ရောက်မယ် စသဖြင့် ရွှန်းရွှန်းေ၀ အောင် ပြောနေကြပေမယ့် တကယ့်တကယ်တော့ ဒီ အစီအစဉ်ဟာ ကိုယ်ပိုင် ရင်းနှီးစိုက် ထုတ် မြှုပ်နှံမှု နည်းနည်းပဲလုပ်ပြီး အများပြည်သူပိုင်တဲ့ လမ်းမကြီးတွေရဲ့ သုံးပုံ တစ်ပုံ လောက်ကို လက်ဝါးအုပ် ရယူဖို့ ကြိုးစားတဲ့ စီမံကိန်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်း ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီကိစ္စအတွက် BRT နဲ့ SRT ဆိုတာကို အရင် ရှင်းရပါလိမ့်မယ်။ BRT ဆိုတာ နိုင်ငံ တစ်ချို့မှာ ရှိပါတယ်။ ယာဉ်ကြောကြပ်တဲ့ ပြသနာကို ဖြေရှင်းဖို့၊ နှစ်ထပ်၊ သုံးထပ် လမ်းမတွေ၊ ကောင်းကင် ရထားတွေ၊ သံလမ်းနဲ့ ပြေးဆွဲတဲ့ လျှပ်စစ်ရထားတွေ မလုပ်နိုင်ခင် စပ်ကြား ရှိပြီး သား၊ အသုံးပြုပြီးသား လမ်းမကြီးထဲက လမ်းကြောင်း တစ်ကြောင်းကို သီးသန့်ရယူပြီး ဘတ်စ် ကား စနစ် ပြေးဆွဲတာပါ။ အဲဒီ ဘတ်စ်ကားဟာ သံလမ်းပေါ်မှာ ပြေးတာ မဟုတ်၊ သံလမ်း မပါပေမယ့်လည်း ရထားပြေးဆွဲမှု ပုံစံအတိုင်း သီးသန့် ဘူတာရုံ၊ သီးသန့် အတက်အဆင်း လုပ်လို့ ရတဲ့ နေရာတွေ တည်ဆောက်ပြီး ပြေးဆွဲ ရတာမျိုးပါ။ အသုံးပြုနေတဲ့ လမ်းမကြီးကနေ လမ်းကြောင်း တစ်ကြောင်းကို ရယူပြေးဆွဲတယ် ဆိုပေမယ့် အခြားသော ယာဉ်ပြေးဆွဲမှုတွေ ကို လုံး၀ အနှောင့်အယှက်မပေးတဲ့၊ သီးသီးသန့်သန့် ဖြစ်အောင် ဒီဇိုင်း ရေးဆွဲပြေးဆွဲတဲ့ စနစ် ပါ။ အင်ဒိုနီးရှားနဲ့ နိုင်ငံတစ်ချို့မှာ အဲဒီစနစ် အောင်မြင်နေပါတယ်။

ဥပမာအားဖြင့် လက်ယာကပ်မောင်းစနစ် နိုင်ငံမှာ ၆ လမ်းသွား လမ်းမကြီးကနေ ယာဉ် ကြောတစ်ခု ရယူပြီး BRT စနစ်နဲ့ ပြေးဆွဲတယ် ဆိုပါစို့။ BRT စနစ်အတွက် လမ်းအလည်ခေါင် က အသွားအပြန် ယာဉ်ကြောနှစ်ကြောကို အသုံးပြုရပါမယ်။ ဒီလို အသုံးပြုလိုက်ခြင်းအားဖြင့် ကားလမ်းတစ်လျောက် ဘေးဘက် လမ်းတွေကနေ လမ်းမကြီးပေါ် တက်လာမယ့် ကားတွေ၊ လမ်းမကြီးကနေ လမ်းသွယ်ထဲ ဝင်မယ့် ကားတွေအတွက် လုံးဝ အနှောင့်အယှက် မဖြစ်စေ ပါဘူး။ ကိုယ့်ဖာသာကိုယ် လမ်းထဲဝင်၊ လမ်းထဲက ထွက်လာရုံပါပဲ။ အဲဒါပေမယ့် လမ်းအလည် ခေါင်က ယာဉ်ကြော နှစ်ခုကိုယူပြီး BRT စနစ်နဲ့ ပြေးဆွဲဖို့ ဆိုရင်တော့ ဒီအတိုင်း သတ်မှတ် ပြေးဆွဲလို့ မရပါဘူး။ ကားစီးမယ့်သူတွေဟာ လမ်းဘေးကနေ လမ်းအလယ်ခေါင် ဘတ်စ်ကား ပြေးဆွဲတဲ့ နေရာကို လာရပါမယ်။

ဘတ်စ်ကားပေါ်က ဆင်းတဲ့ သူတွေဟာ လမ်းဘေးကို ဘေးကင်းကင်းနဲ့ သွားနိုင်ရပါမယ်။ ဒီအတွက် လမ်းအလယ် ဘတ်စ်ကားပြေးဆွဲမယ့် ယာဉ်ကျောနဲ့ လမ်းဘေးကို ပေါင်းကူးပေးမယ့် လူကူး ခုံးကျော်တံတားတွေ ဘူတာတိုင်းမှာ ဆောက်ရပါမယ်။ လမ်းအလယ် ကျွန်းမှာ ကား အတက် အဆင်းအတွက် ဘတ်စ်ကား ဘူတာ ရုံတွေ တည်ဆောက်ပေးရပါလိမ့်မယ်။ ဒီအတွက် အဲလို BRT ဘတ်စ်ကားလိုင်း ပြေးဆွဲမယ် ဆိုရင် ဘူတာရုံ ဆောက်တာတွေ၊ လမ်းဘေးကနေ ဘူတာရုံကို သွားဖို့ လူကူး ခုံးကျော်တံတား တွေ တည်ဆောက်ပေးရပါလိမ့်မယ်။ တစ်နည်းပြောရရင် ရင်းနှီးမြှုပ်နှံ မှုတွေ ကောင်းကောင်း လုပ်ဖို့ လိုပါတယ်။ ဘတ်စ်ကားတွေ သွင်းလာ၊ ညာဘက်ယာဉ်ကြော တစ်ကြောကို ကိုယ့် ကိုယ်ပိုင် ယာဉ်ကြော အဖြစ်သတ်မှတ်ပြီး ပြေးဆွဲရုံနဲ့တော့ မဖြစ်ပါဘူး။

လက်ရှိ အစိုးရနဲ့ ခရိုနီ တစ်ချို့ ပေါင်းပြီး လုပ်ကိုင်မယ် ဆိုတဲ့ SRT စနစ်ကတော့ ဘယ် နိုင်ငံမှာမှ ရှိဟန် မတူပါဘူး။ ရိုးရိုး လမ်းညာဘက်ဆုံး ယာဉ်ကြောတစ်ခုကို ကိုယ့်ကိုယ်ပိုင် ယာဉ်ကြော အဖြစ် သတ်မှတ်ပြီး ရိုးရိုးကားလိုင်းတွေ ပြေးဆွဲသလို ပြေးဆွဲဖို့ပါပဲ။ အခြားဘာမှ ထူးခြားတာ မပါပါဘူး။ နမူနာကြည့်ချင်ရင်တော့ လက်ရှိ ရန်ကုန်မြို့လည် အနော်ရထာလမ်း မှာ ဘတ်စ်ကားတွေ အတွက်ဆိုပြီး လမ်းညာဘက်စွန်း ယာဉ်ကြောကိုကွန်ကရစ်တုံးတွေကာ ပြီး ပြေးဆွဲခိုင်းတဲ့ စနစ်မျိုး ဖြစ်ပါလိမ့်မယ်။ လမ်းထဲ ကွေ့ဝင်မယ့် ကားတွေနဲ့၊ လမ်းထဲကနေ ထွက်လာမယ့် ကားတွေနဲ့ ရှုတ်ရှက်ခတ်နေ တာမြင်တွေ့ ကြရပါလိမ့်မယ်။ ဒါတောင် အနော်ရ ထာလမ်းဟာ တစ်လမ်းမောင်း ဖြစ်လို့ နည်းနည်း တော်ပါသေးတယ်။ လက်ရှိ ကုမ္ပဏီက ပြေးဆွဲမယ်ဆိုပြီး လျာထားတဲ့ ပြည်လမ်းတို့ ကမ္ဘာအေး ဘုရားလမ်းတို့ဆို ပိုဆိုးပါလိမ့်မယ်။ အသွားအပြန် ဘေးနှစ်ဖက် ယာဉ်ကြောနှစ်ခုစလုံးကို ကွန်ကရစ်တုံးတွေကာပြီး ပြေးဆွဲမယ့် သဘောပဲ ဖြစ်ပါတယ်။ ဘယ်လောက်အထိ ယာဉ်ကျောကြပ်ပြီး ဘယ်လောက် အထိ ကမောက်ကမ ဖြစ်လေမလဲ မှန်းဆ ကြည့်နိုင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရနဲ့ ခရိုနီတွေ ပေါင်းထားတဲ့ အဲဒီအများပိုင် ကုမ္ပဏီ ဆိုတာဟာ ပြည်သူလူထု ယာဉ်သွားလာရေး အဆင်ပြေအောင် ဘာမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ပဲ ဘတ်စ်ကားလိုင်း အများအပြား ပြေးဆွဲနေတဲ့လမ်းကို ကိုယ်ပိုင်အဖြစ် လုယူပြီး လက်ဝါးကြီး အုပ် လုပ်ကိုင်ဖို့ပဲ ရည်ရွယ်ချက် ရှိပုံရပါတယ်။ လက်ရှိ ဘတ်စ်ကား ပြေးဆွဲနေတဲ့ လိုင်းထဲဝင် ပြီး ငါတို့က အထူးလိုင်းဆွဲမှာ ဒါကြောင့် ဒီလမ်းကို ငါတို့ပဲ သုံးမယ်ဆိုပြီး လုယူ လုပ်ကိုင်တာ ထက် ဘာမှ မပိုပါဘူး။ လမ်းထဲက ထွက်လာမယ့် ကားတွေ၊ လမ်းမကြီးပေါ်ကနေ လမ်းဘေး ဆင်းမယ့် ကားတွေကြောင့်လဲ အဲဒီ ဘတ်စ်ကားလိုင်းက ယာဉ်တွေ လျောလျောလျူလျူ သွားလို့ရမှာ မဟုတ်ပါဘူး။ ယာဉ်ကြောကြီး တစ်ခုလုံးကို အပိုင်သိမ်းလိုက်တဲ့တိုင် သူတို့လည်း သိပ် အဆင်ပြေမှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။

ဒီအတွက် အစိုးရအနေနဲ့ စဉ်းစားဖို့ လိုတာက ယာဉ်ကြော အခြေအနေ အဆင်ပြေစေ ချင်တယ် ဆိုရင်၊ ပြည်သူတွေ သွားလာရေး အဆင်ပြေစေလိုတယ် ဆိုရင် နိုင်ငံတကာမှာလို တကယ် စနစ်ကျတဲ့ BRT စနစ်နဲ့ပဲ ပြေးဆွဲခိုင်းပါ။ ညာဘက် အစွန်ဆုံး ယာဉ်ကြောကို မပေး ပါနဲ့။ လမ်းလယ်ခေါင်နဲ့ ကပ်လျက် ယာဉ်ကြော တစ်ကြောစီကိုပေးပါ။ BRT စနစ်အတွက် ဘူတာရုံတွေ၊ လူကူးခုံးကျော်တွေ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံခိုင်းပါ။ ခုလို SRT လို့ မဟုတ် က ဟုတ်က နာမည်တပ်ပြီး အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်မယ့် စီမံကိန်းမျိုး မလုပ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags