ကျောက်တန်းကျေးရွာဖြစ်စဉ်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့ သုံးသပ်ချက် ပြည့်စုံမှုရှိရဲ့လား

ကျောက်တန်းကျေးရွာဖြစ်စဉ်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့ သုံးသပ်ချက် ပြည့်စုံမှုရှိရဲ့လား
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရန်ကုန် ၊ ဇွန် ၁၄။   ။ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာတွက် တပ်မတော်မှ ရက်အတန်ကြာ ဝင်ရောက်ထိန်းသိမ်းခဲ့စဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ လူ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် သုံးသပ်ချက်တစ်ခုကို ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီနောက်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်ဟာ မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူး ၊ ပြည့်စုံမှုမရှိဘူး ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်သူအချို့ကို သဘောထားမှတ်ချက်ပေးဖို့ မဇ္စျိမမှ တောင်းခံခဲ့ပါတယ်။

ဦးမောင်မောင်စိုး(တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ)

“တကယ်တမ်းပြောရရင် ပြည့်စုံလုံလောက်မှုမရှိဘူးလို့ ပြောလို့ရပါတယ်။ သူက နှစ်ဖက်အထင်လွဲမှားမှုကြောင့်ပြဿနာ ဖြစ်တယ်ဆိုတာမျိုးပဲ သုံးသပ်ထားတာ၊ ဒါပေမယ့် တကယ်တမ်းပြဿနာရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ထားတာ ပြဿနာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ထားတာ မတွေ့ရဘူး”

ဒေါ်ခင်စောဝေ(ရသေ့တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ထုတ်ပြန်ချက်မှာ အချက်ငါးချက်တော့ တွေ့တယ်။ ဒါပေမယ့် အန်တီတို့ခံစားရတာတော့ ကျောက်တန်းကျေးရွာက ပြည်သူတွေခံစားရတာက မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုရှိနေတယ်လို့ပဲ ခံစားရတယ်။ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ ထုတ်ဖို့တော့ လိုအပ်တာပေါ့နော်။ နောက်တစ်ခုကလည်း ကော်မရှင်က နောက်နောင် ကျေးရွာတွေမှာ မဖြစ်ဖို့ ထုတ်ပြန်ထားတာလည်း တွေ့တယ်ဆိုတော့ မြေပြင်အခြေအနေက တကယ် ခံစားနေရတဲ့ ပြည်သူတွေကတော့ ကော်မရှင်ထုတ်တဲ့ဟာ ကွဲလွဲနေတယ်လို့ ပြောမှာဖြစ်သလို အန်တီတို့ကလည်း ကွဲလွဲနေတယ်ဆိုတဲ့အကြောင်းကို ပြောချင်တယ်”

ကျောက်တန်းကျေးရွာဖြစ်စဉ်မျိုး နောင်မဖြစ်ရန် ဂရုစိုက်သင့်ဟု လူ့အခွင့်အရေးကော်မရှင် အကြံပြု

ဖမ်းဆီးစစ်ဆေးခံရသူကျောက်တန်းကျေးရွာသားတစ်ဦး

“ကျွန်တော်တို့အမြင်ကိုပြောရရင် ဗမာစစ်တပ်က လုပ်သွားတဲ့ဟာကို ဗမာ လူ့အခွင့်အရေးကော်မရှင်က လာကြည့်တဲ့ သဘောပါ။ အားပေးဖို့လာတာပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့နော်၊ မြေပြင်နဲ့ကွဲလွဲတာ အများကြီးရှိတာပေါ့။ သူတို့လုပ်ချင်ရာ လုပ်သွားပြီးမှ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုမရှိတဲ့ဟာ အဲ့လောက်ပဲရတယ်ဆိုတော့ ဘယ်လိုပြောရမလဲ စိတ်မကောင်းဖြစ်ရတာပေါ့”

ဦးယုလွင်အောင်(လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်)

“ဝေဖန်နေတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်သွားပြီး အဲ့နေရာကိုသွားကြည့်လိုက်ရင် ပိုကောင်းမယ်ထင်တာပေါ့ဗျာ။ ကျွန်တော်တို့လည်း ကြိုးစားပမ်းစားသွားပြီး အဲ့နေရာကို ကြည့်တာပဲ။ ကျွန်တော်တို့လည်း အန္တရာယ်တော်တော်များတဲ့ နေရာကိုသွားတာပဲ။ ပြီးတော့မှ အဲ့ရွာကလူတွေလွတ်လွတ်လပ်လပ်တင်ပြခွင့်ပေးတယ်။ သူတို့တင်ပြတာတွေကို မှတ်တမ်းတင်တယ်။ မှတ်တမ်းတင်ပြီး သူတို့ကိုအကုန်ဖတ်ပြတယ်။ဖတ်တတ်တဲ့သူတွေကို သူ့ဘာသာသူဖတ်ခိုင်းတယ်။ ပြီးတော့မှ သူတို့ကို လက်မှတ်ထိုးခိုင်းတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေအပေါ်မှာ ကျွန်တော်တို့က သုံးသပ်တာလေ။ ကျွန်တော်တို့က ဘလိုင်းကြီး သုံးသပ်တာမှမဟုတ်တာ၊ အဲ့ဒါအပေါ်မှာမှ မကျေနပ်ဘူးဆိုရင် ကိုယ်တိုင်ကွင်းဆင်း ကြည့်ကြပါလို့ ပြောချင်ပါတယ်”

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ကျေးရွာသူ ကျေးရွာသားများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ အလားတူဖြစ်စဉ် မပေါ်ပေါက်ရန် သက်ဆိုင်သူများက ဂရုစိုက် ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်ရှင်က ဇွန်လ ၁၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly