ဖုန်း ဟန်းဆက်နှင့် အပိုပစ္စည်းများ ရောင်းချပြေစာတွင် အခွန်တံဆိပ် မပါရှိကြောင်း တိုင်ကြားပါက ဆုကြေးချီးမြှင့်မည်

ဖုန်း ဟန်းဆက်နှင့် အပိုပစ္စည်းများ ရောင်းချပြေစာတွင် အခွန်တံဆိပ် မပါရှိကြောင်း တိုင်ကြားပါက ဆုကြေးချီးမြှင့်မည်
Photo - EPA

နေပြည်တော်၊ဇွန်လ ၁၄၊ ။         ။ လက်ကိုင်ဖုန်းဟန်းဆက်နှင့် အပိုပစ္စည်းများ ဝယ်ယူရာတွင် ပြေစာအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ် ထားခြင်းမရှိပါ ပြည်တွင်းအခွန်များ ဦးစီးဌာနအောက်ရှိ မည်သည့်အခွန်ရုံးကိုမဆို တိုင်ကြားနိုင်ပြီး ၊ တိုင်ကြား သူကို ဆုကြေးချီးမြင့်သွားဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

“လက်ကို်င်ဖုန်းဟန်းဆက်(Handset)နှင့်ဆက်စပ်ပစ္စည်း ဝယ်ယူသူ ပြည်သူများအနေဖြင့် အဆိုပါ ပစ္စည်းများ ဝယ်ယူခြင်းအတွက် ကျသင့်သော စုစုပေါင်းတန်ဖိုး အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်(၅) ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပါသည်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၄ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ဝယ်ယူသူ ပြည်သူများအနေဖြင့်လည်း ကျသင့်အခွန်နှင့် ညီမျှသော ပြေစာများ တောင်းယူကြရန်နှင့် အခွန် အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ပြေစာများ(အမှတ်တံဆိပ်သည်  ငါးဆယ်ကျပ်တန် အနည်းဆုံး ဖြစ်ပါသဖြင့် အခွန်ကျပ်ငါးဆယ်အောက် တန်ဖိုးအတွက် အခွန်အမှတ်တံဆိပ် လျော့နည်းခြင်းမှ အပ) ကျန် ပြေစာများတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားရမည်ဖြစ်ကြောင်းသိရသည်။

တိုင်ကြားသူအတွက်ရရှိမည့် ဆုကြေးငွေသည် ပျက်ကွက်သည့်အခွန်နှင့် အကြိမ်အရေအတွက်ပေါ်မူတည်ကာ အနည်းဆုံးပမာဏ ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းနှင့်အထက်ရရှိမည်ဖြစ်ပြီး တိုင်ကြားသူကို အစိုးရမှတပါး ထုတ်ဖော်ပြောကြားခြင်းရှိမည်မဟုတ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုကဲ့သို့ ဟန်းဆက်များတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိပါက အရေးယူရန် စီစဉ်ခြင်းသည် နိုင်ငံတော်သို့ ပေးဆောင်ထိုက်သည့်အခွန်များ အပြည့်အဝ ကောက်ခံရရှိရေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

လက်ကိုင်ဖုန်းဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများရောင်းချသည့် ပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချခြင်းကို (၁.၆.၂၀၁၉)ရက်နေ့က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly