“ သမ္မတကြီးရဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တယား၊ ဒီမိုကရေစီကို ပုံဖျက်ဦးမလို့လား”

“ သမ္မတကြီးရဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တယား၊ ဒီမိုကရေစီကို ပုံဖျက်ဦးမလို့လား”

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ပုံမှန်လစဉ် လုပ်နေကြ ရေဒီယိုမိန့်ခွန်း ပြောပါတယ်။ မိန့်ခွန်းထဲမှာ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမယ့် ကိစ္စ၊ ရေဘေးကြုံရတဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်နေတာတွေကို သွားရောက် ကြည့်ရှု အားပေးတဲ့ကိစ္စ၊ ရွေးကောက်ပွဲအတွက် မဲစာရင်း မှားနေ တဲ့ကိစ္စ စတာတွေ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ထူးခြားချက်အနေနဲ့ လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူ့အုပ်ချုပ်ရေး ယန္တယားအဖြစ် ပြောင်းလဲဖို့ လုပ်မယ်၊ အဲလို လုပ်နိုင်ဖို့အတွက် ဖွဲ့စည်းပုံမှာ ဖြည့်စွက် ပြင်ဆင်သွားမယ်ဆိုပြီး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီပြောဆိုချက်ကို သတင်းမီဒီယာတွေက သတိပြုမိပြီး ဝေဖန်မှု တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ သမ္မတကြီးပြောတဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တယားဆိုတာ ဘာကို ခေါ်တာလဲ၊ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်လား၊ ဒီမိုကရေစီကို ပုံဖျက်ဦးမှာလား ဆိုတာကို ဝေဖန်ဆန်း စစ် ကြည့်ရအောင်ပါ။

ပထမဝေဖန်ဖို့ လိုတာက ခုလို ပြည်သူ့အုပ်ချုပ်ရေး ယန္တယား အသွင်ပြောင်းဖို့ ဖွဲ့စည်းပုံမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်တယ်ဆိုတဲ့ ကိစ္စပါ။ အရင်ကဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ လွှတ်တော်နဲ့ပဲ ဆိုင်တယ်ဆိုပြီး အမြဲတမ်း ပြောခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ ဒီတစ်ကြိမ်မှာတော့ ဖွဲ့စည်းပုံပြင်ရေးကို ပြောဆိုလာတာ ထူးဆန်းနေပါတယ်။ ဒါက တစ်ချက်ပါ။ ဒီထက် ပို အရေးကြီး တာက သူပြောတဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တယားဆိုတာ ဘယ်လိုမျိုးလဲ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

သူပြောတာ အပြည့်အစုံက ခုလိုပါ။ “လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေး များကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းတဲ့ Township Council , City Council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှု အစား ပြည်သူ့အုပ်ချုပ်မှု ယန္တယားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပ ဒေမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး ယန္တယား ဖြစ်မှသာ လျင် ပြည်သူများရဲ့ လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

သမ္မတပြောတဲ့ အဓိပ္ပါယ်က မြို့နယ်အုပ်ချုပ်ရေးမှာ အဓိက တာဝန်ရှိတဲ့ မြို့နယ်အုပ်ချုပ် ရေးမှူးကို ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်ခွင့်ရမယ် ဆိုတာမျိုး လုံးဝ မပါပါဘူး။ အဲဒီ စနစ် မျိုးကို ဆိုလိုတာလည်း မဟုတ်ပါဘူး။ မြို့နယ်ကောင်စီမှာ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်စေ မယ် ဆိုတာမျိုးပဲ ဖြစ်ပါတယ်။ ဒါတောင် အဲဒီကောင်စီကို ဘယ်နှစ်ယောက်နဲ့ ဖွဲ့စည်းပြီး ပြည်သူ တွေ ရွေးချယ်တာ ဘယ်နှစ်ယောက်ပါမယ်၊ အဲဒီ ရွေးချယ်လိုက်သူတွေ ဘယ်လောက် လုပ်ကိုင် ခွင့်ရမယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။ ဒါနဲ့ ပါတ်သက်ပြီး သမ္မတရဲ့ ဆိုလိုရင်း ဖော်ထုတ်ရတာ မခက်ပါဘူး။ ပြည်သူ့အုပ်ချုပ်ရေး ယန္တယားအကြောင်း မပြောခင်လေးမှာပဲ နမူနာ တစ်ခု ပြောထားပါသေးတယ်။ သမ္မတ ပြောထားတာ ခုလိုပါ။

“ ကျွန်တော်တို့ အစိုးရ စတင်တာဝန်ယူစဉ် ကတည်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့တဲ့အနက် အစိုးရ အုပ်ချုပ်ရေးယန္တယား တိုးတက်ကောင်းမွန်ရေး ကို အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်နဲ့ အစိုးရများသာမက မြို့နယ် အဆင့်မှာလည်း မြို့မိ မြို့ဖတွေ ပါဝင်တဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနဲ့ စည်ပင်သာယာရေး ကော်မတီများကို ဒီမိုကရေစီ ကျင့်စဉ်များနဲ့ အညီ ရွေးချယ် ဖွဲ့စည်းပြီး ပြည်သူပါဝင်သော အုပ်ချုပ်မှု စနစ်ဖြစ်အောင် စတင် ပုံဖော်နိုင်ခဲ့ပါ တယ်” လို့ ဆိုပါတယ်။ ဒီနေရာမှာ သမ္မတပြောတဲ့ “စည်ပင်သာယာရေး ကော်မတီများကို ဒီမိုက ရေစီ ကျင့်စဉ်များနဲ့အညီ ရွေးချယ် ဖွဲ့စည်းတယ်” ဆိုတဲ့ စကား ပြန်ဆန်းစစ်ဖို့ လိုလာပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ မြို့တော်ဝန်နဲ့ ကော်မတီဝင် ၈ ဦး၊ စုစုပေါင်း ၉ ယောက်ရှိတဲ့အနက် ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ ၄ ယောက်ကိုပဲ ရွေးကောက်တင်မြှောက်ခွင့် ရပါတယ်။ မြို့တော်ဝန်ကို သမ္မတက တိုက်ရိုက်ခန့်ပြီး ကျန် ကော်မတီ ဝင် ၄ ယောက်ကို အစိုးရက တိုက်ရိုက်ခန့်ထားတာကြောင့် တကယ့်တကယ် ပြောရရင် ပြည်သူ တွေက ရွေးပေးလိုက်တဲ့ ကော်မတီဝင် ၄ ယောက်ဆိုတာ ဘာမှ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် မရှိ ကြပါဘူး။ နိုင်ငံတကာမှာတော့ မြို့တော်ဝန်ဆိုတာကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ပြီး အဲဒီ မြို့တော်ဝန်က မြို့ကို စီမံခန့်ခွဲ အုပ်ချုပ်ပါတယ်။ အခု ရန်ကုန်စည်ပင် ရွေးကောက်ပွဲ ဆိုတာ ကတော့ နိုင်ငံတကာမှာ လုပ်နေတဲ့ မြို့တော်ဝန် ရွေးကောက်ပွဲတွေနဲ့ အနှစ်သာရခြင်း အလွန်ခြား နားပြီး ဒီမိုကရေစီလည်း လုံးဝ မကျပါဘူး။ ဘာမှ လုပ်ကိုင်ခွင့် မရှိသူတွေ၊ ဘာမှ အရေးမပါသူတွေ ကို ပြည်သူတွေက မဲပေးရွေးချယ်ရတဲ့ သဘော ဖြစ်နေတဲ့အတွက် ဒီမိုကရေစီ ကျင့်စဉ် ကျင့်သုံး တယ်လို့လည်း မပြောနိုင်ပါဘူး။

ရွေးကောက်ပွဲ မဲပေးပုံကို ကြည့်မယ်ဆိုရင်လည်း ကျင်းပပြီးသွားတဲ့ စည်ပင် ရွေးကောက်ပွဲ အတွက် ရန်ကုန်လူဦးရေ ၇ သန်း ဝန်းကျင်ထဲကမှ လဝကမှာ စာရင်းပေါက်တဲ့ အိမ်ထောင်စု ၄ သိန်းကျော်ရဲ့ အိမ်ထောင်ဦးစီးတွေကိုပဲ မဲပေးခွင့် ပေးထားတာ တွေ့နိုင်ပါတယ်။ ဒီလိုနည်းနဲ့ တကယ် မဲပေးတဲ့ နေ့မှာတော့ လူတစ်သိန်းကျော်ပဲ မဲလာပေးတယ်လို့ ကော်မရှင်က သတင်း ထုတ်ပြန်ပါတယ်။

တကယ့်တကယ် မဲပေးသူ အရည်အတွက် အဲဒီထက် နည်းနိုင်ပါတယ်။ အကြောင်းကတော့ အနိုင်ရသူ အားလုံးရရှိတဲ့ ခိုင်လုံမဲ အရည်အတွက်ကလည်း အလွန်နည်းနေ လို့ပါပဲ။ ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီဝင် ၄ ဦး၊ တစ်ဦးစီရတဲ့ စုစုပေါင်း ခိုင်လုံမဲ အရည်အတွက်ဟာ ၃ သောင်းခွဲ ကျော်ရုံလောက်ပဲ ရှိပါတယ်။ ပြောရရင် လူဦးရေ ၇ သန်းလောက် နေထိုင်တယ်လို့ ခန့်မှန်းထားတဲ့ ရန်ကုန်မှာ မြို့တော် စည်ပင်ကော်မတီဝင် ၄ ယောက်ကို အဲဒီမဲ ၃ သောင်းခွဲလောက်နဲ့ ရွေးချယ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် လူဦးရေရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ တစ်နည်းပြောရရင် တစ်ရာခိုင်နှုန်းရဲ့ တစ်ဝက်လောက် လူတွေရဲ့ ဆန္ဒနဲ့ ရွေးချယ်လိုက်တာလို့ ပြောရင် မမှားပါဘူး။ အတော်ကို အရုပ်ဆိုးပါတယ်။ ဒါကို ဒီမိုကရေစီ ကျင့်စဉ်လို့ လုံးဝ မခေါ်နိုင်ပါဘူး။

အခု သမ္မတ ဦးသိန်းစိန်ပြောတဲ့ Township Council , City Council ကို ပြည်သူတွေ ရွေးချယ်ခွင့်ပေးမယ် ဆိုတာဟာလည်း စည်ပင်ရွေးကောက်ပွဲ ပုံစံမျိုးတွေ လုပ်မှာ ဖြစ်တာကြောင့် ဒီမိုကရေစီ ကျင့်စဉ်လို့ နာမည် မတပ်နိုင်ပါဘူး။ ဖြစ်ခြင်းဖြစ် ဒီမိုကရေစီကို ပုံဖျက်တဲ့ ဆောင်ရွက် ချက်ပဲ ဖြစ်မှာပါ။ သမ္မတအနေနဲ့ အောက်ခြေမှာ တကယ့်ကို ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားစေ ချင်ရင် ရပ်-ကျေး အုပ်ချုပ်ရေးမှူးတွေကို ပြည်သူက တိုက်ရိုက် ရွေးချယ်ပေးရတဲ့ စနစ် ကျင့်သုံးနိုင် အောင် ဥပဒေ ပြင်ဆင်တာတွေ လုပ်ပါ။ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးကို ပြည်သူတွေ တိုက်ရိုက် ရွေးချယ် တင်မြှောက်နိုင်အောင် ဖွဲ့စည်းပုံမှာ ပြင်ဆင် ဖြည့်စွက် ပေးသင့်ပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required