HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော်

HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော်

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon


HIV ဆိုတာ ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ HIV ပိုးရှိတဲ့လူဦးရေ တိုးလာတာနဲ့အမျှ ကိုယ့်မှာပိုးရှိလို့ ရှိနေမှန်းတောင် မသိတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ကိုယ့်မှာ HIV ရှိမှန်းမသိတဲ့အခါ ဆေးဝါးကုသမှုမခံယူတော့ ပိုးတွေက သွေးထဲမှာ အမြဲပွားများနေမယ်။ အချိန်ကြာလာတဲ့အခါ သွေးထဲမှာရှိနေတဲ့ CD4 လို႔ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ဆဲလ်တွေက နည်းလာတယ်။ ကိုယ်ခံအားစနစ် ဆုတ်ယုတ်လာတဲ့အခါ ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ်။ နောက်ဆုံး AIDS ခုခံအားကျဆင်းမှုရောဂါ အခြေအနေကို ရောက်လာတဲ့အခါ လူက ပိန်ချုံးချိနဲ့ပြီး အသက်ဆုံးပါးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါဆို HIV ဆိုတာ ကိုယ့်တစ်ယောက်တည်းကိုပဲ ဒုက္ခပေးနိုင်မယ်ထင်လား။ လုံးဝမဟုတ်ပါဘူး။ လေထဲကတစ်ဆင့်၊ အသားချင်းထိရုံနဲ့ ကူးစက်နိုင်တာမျိုး မဟုတ်ပေမဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကိုလည်း သွားပြီး ရောဂါပိုးကူးစက်ခံရနိုင်တယ်။ တခြား လိင်ဆက်ဆံဖော်တွေအတွက်လည်း ဘေးကင်းလုံခြုံမှုမရှိတော့ဘူး။ ဒီလူတွေကလည်း ပုံမှန်သွေးစစ်တာတွေ မလုပ်ဘူးဆိုရင် တခြားသူတွေကိုပါ ကူးစက်စေတဲ့အတွက် HIV ရှိတဲ့လူဦးရေဟာ တဖြည်းဖြည်း များလာတော့တာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေ HIV ရှိမရှိ ပုံမှန်စစ်ဆေးသင့်လဲ။

တကယ်တမ်းကတော့ ကျား၊ မ မရွေး အရွယ်ရောက်ပြီးတဲ့သူတိုင်း ပုံမှန်စစ်ဆေးမှု ခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ပိုးရှိတယ်ဆိုတာ စောစောသိရင် စောစောစီးစီး ကုသမှုခံယူနိုင်တဲ့အတွက် ပိုပြီးတောင် ကျန်းကျန်းမာမာနေနိုင်သွားမှာပါ။ အထူးသဖြင့်

  •     လိင်အပျော်အပါး လိုက်စားသူတွေ
  •     လိင်ဆက်ဆံဖော် တစ်ဦးထက်များတဲ့သူတွေ
  •     လိင်ဆက်ဆံနေစဉ် ကွန်ဒုံးအသုံးမပြုတဲ့သူတွေ
  •     HIV ပိုးရှိသူနဲ့ ဆက်ဆံမိတဲ့အခါ
  •     ကိုယ့်ချစ်သူမှာ HIV ပိုးရှိနေတယ်ဆိုရင်
  •     မူးယစ်ဆေးဝါးအသုံးပြုသူတွေ
  •     ဆေးဘက်ဆိုင်ရာမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ၃လတစ်ကြိမ် ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။

ကိုယ်က အချစ်ရေးအသစ်တစ်ခု ပြန်စတော့မယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံး ဘေးကင်းစိတ်ချရစေဖို့ အတူသွေးသွားစစ်တာ ပိုကောင်းပါတယ်။ ကိုယ်ဝန်ရှိကာစ အမျိုးသမီးတွေအနေနဲ့ မွေးလာမယ့်ကလေးကျန်းမာရေးအတွက် ကြိုစစ်ဖို့ လိုအပ်ပါတယ်။
HIV ရှိ၊ မရှိ စစ်ဆေးဖို့ အဆင်သင့်ဖြစ်ပြီလား

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်မှာ HIV နဲ့ တခြား လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးဖို့ ဆေးခန်းကိုရောက်လာတဲ့အခါမှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဘယ်နေ့က နောက်ဆုံးလိင်ဆက်ဆံခဲ့လဲ၊ ဆေးထိုးအပ်ကို အတူသုံးစွဲတာမျိုး ရှိဖူးလား၊ အန္တရာယ်ရှိတဲ့ အပြုအမူတွေ လုပ်ဖူးလား၊ အရင်ကရော သွေးစစ်ခဲ့ဖူးလား၊ ကိုယ့်မှာ တခြားဘာရောဂါတွေ ရှိလား၊ လက်ရှိမှာရော ကျန်းမာရဲ့လား၊ တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ တွေ့ဖူးလား အစရှိသဖြင့် မေးမြန်းမှာဖြစ်ပါတယ်။

မေးပြီးတဲ့အခါ ကိုယ့်ရဲ့ သွေးကို လိုသလောက် ယူမှာဖြစ်ပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးမှာပါ။ နာရီပိုင်းနဲ့ အဖြေထွက်တာမျိုးလည်းရှိသလို အနည်းဆုံး တစ်ရက်၊ ၂ရက်စောင့်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်ခွဲစစ်ဆေးပြီး ရလာတဲ့အဖြေလွှာကို ချိတ်ပိတ်ထားတဲ့ စာအိတ်ထဲမှာ ကိုယ်တိုင်ဖွင့်ဖတ်ရမှာဖြစ်ပြီး နောက်ပိုင်းလိုအပ်တဲ့ စစ်ဆေးမှုတွေ၊ အကြံပေးတာတွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
HIV ပိုးရှိသွားရင်ရော ဘာတွေဆက်လုပ်ဖို့လိုမလဲ။

HIV ဆိုတာ ဘဝနိဂုံးချုပ်တစ်ခုမဟုတ်ပါဘူး။ ဒီအချက်ကို သေချာသိထားဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ အမြစ်ပြတ်ပျောက်ကင်းသွားတာမျိုးမဟုတ်ပေမဲ့ ရောဂါပိုးကို ဆက်မပြန့်ပွားအောင်၊ သွေးထဲမှာ နည်းသထက် နည်းအောင် နှိမ်နင်းပေးနိုင်မယ့် ကာကွယ်ဆေးတွေ ပေါ်နေပါပြီ။ ကိုယ့်ဘက်က ဒီဆေးတွေကို နေ့စဉ်အချိန်မှန်သောက်မယ်၊ ကျန်းမာရေးကို ဂရုစိုက်မယ်၊ အနေအထိုင် အစားအသောက်ကို ဆင်ခြင်မယ်ဆိုရင် ကျန်းမာသွက်လက်တဲ့ လူသားတစ်ယောက်လို အသက်ရှင်သွားနိုင်ပြီး AIDS ဆိုတဲ့ အဆင့်ထိ လုံးဝရောက်နိုင်စရာ အကြောင်းမရှိပါဘူး။

နောက်ထပ် ပုံမှန်စစ်ဆေးဖို့လိုတာကတော့

  •     CD4 ပမာဏ
  •     သွေးတွင်း HIV ပိုးပမာဏ (Viral Load)
  •     ဆေးယဉ်ပါးမှု
  •     ကျောက်ကပ်
  •     အသည်း
  •     နှလုံးကို စစ်ဆေးမှာ ဖြစ်ပါတယ်။

CD4 ဆိုတာ ရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ သွေးထဲက ဆဲလ်တွေဖြစ်ပြီး ဒီဆဲလ်တွေများနေမှ ကိုယ်ခံအားစနစ်က ကောင်းမှာပါ။ Viral Load ပမာဏကိုတော့ HIV ပိုးရှိသူတိုင်း ၃လတစ်ကြိမ်၊ ၆လတစ်ကြိမ် ပုံမှန်စစ်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် ပိုးကောင်ရေ ၁ဝဝဝကျော်မှ စိုးရိမ်စရာရှိနိုင်ပြီး အချိန်ကြာတဲ့အထိ ပိုးကောင်ရေ လျော့နည်းမသွားဘူးဆိုရင် ဆေးယဉ်ပါးတယ်လို့ သတ်မှတ်လို့ ရပါတယ်။

စစ်ဆေးတဲ့စက်ပေါ်မှာမူတည်ပြီး အကောင် ၁၀၀ အောက်၊ ၅၀ အောက်၊ ၂၀ အောက် ရှိတဲ့အခြေအနေကိုတော့ Undetectable Stage ပိုးကောင်ရေရှာမတွေ့တော့တဲ့အခြေအနေလို့ သတ်မှတ်ပါတယ်။ ဒီအခြေအနေ ရောက်ပြီးသားသူတွေမှာ တခြားသူတွေကို ရောဂါပိုးကူးစက်နိုင်ခြေ အခွင့်အလမ်း အလွန်နည်းသွားပြီး ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း မွေးလာမယ့်ကလေးမှာ HIV ပိုးပါမလာစေဖို့ ကူညီပေးနိုင်ပါတယ်။

ရောဂါပိုးထိန်းဆေး ART ဆေးမသောက်ခင်မှာ ကိုယ့်ရဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံး ပုံမှန်အလုပ်လုပ်လား၊ ကျန်းမာလားဆိုတာကို စစ်ဆေးပြီး လိုအပ်တဲ့ ဆေးဝါးတွေကို ဆေးပညာရှင်တွေဘက်မှ စီစဉ်ပေးမှာဖြစ်ပါတယ်။
HIV သွေးစစ်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အရာတွေ
အရွယ်ရောက်ပြီးသူတိုင်း ၃လတစ်ကြိမ် သွေးစစ်ကြည့်တာ အကောင်းဆုံးပါပဲ။ သွေးစစ်ကြည့်လို့ မရှိဘူးဆိုရင်လည်း နောက်ပိုင်းမှာ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်မယ်။ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးသုံးရပါမယ်။ ပိုးရှိတယ်ဆိုတဲ့ အဖြေရလာတဲ့အခါမှာလည်း စိတ်ဓာတ်မကျပါနဲ့။ ၂၁ရာစုမှာ HIV ဆိုတာ ဆေးပုံမှန်သောက်ရုံနဲ့ ကျန်းကျန််းမာမာနဲ့ သက်တမ်းစေ့ နေနိုင်သွားနိုင်ပါပြီိ။ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကို ကိုယ်တိုင်ဂရုစိုက်ပါ။ တခြားပတ်ဝန်းကျင်ကလူတွေကိုလည်း ဗဟုသုတတွေ ပြန်လည်မျှဝေပေးပါလို့ ပန်ကြားရင်း…

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly