ပျားအုံတုတ်ထိုးများ သတိထား

ပျားအုံတုတ်ထိုးများ သတိထား

နိုဝင်ဘာ ၈ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကား အချိန်ကာလအားဖြင့် တစ်လပင် မလိုတော့ပေ။ ဤအချိန်တွင် မဲဆွယ်စည်းရုံးရေးများကို နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများက တတ်အားသရွေ့ ဆောင်ရွက်နေကြသည်။ အခြား တစ်ဖက်တွင်တော့ နှောင့်ယှက် ဖျက်ဆီးသူများ ရှိနေကြသည်။ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်သူ့ရဲတပ်ဖွဲ့၏ ချက်ချင်း အရေးယူ ဆောင်ရွက်မှုကလည်း မတွေ့ရသလောက် နည်းသည်ဖြစ်ရာ ကျူးလွန်များက အတင့်ရဲနေ ကြသည်။

နိုင်ငံရေး လောကတွင်လည်းကောင်း၊ အခြားလောကတွင် လည်းကောင်း “မင်းသားကြီး မလုပ် ရလို့ ပတ်မကြီး ထိုးခွဲတယ်” ဟူသော အပြောတစ်မျိုး ရှိသည်။ အရည်အချင်းအားဖြင့် သော်လည်း ကောင်း၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ အားဖြင့်လည်း သော်လည်းကောင်း၊ လူထု၏ ချစ်ခင်လေးစား ခြင်း အားဖြင့်သော်လည်းကောင်း မယှဉ်ပြိုင်နိုင်သူများသည် နေရာမရ၊ အခွင့်မသာသောအခါ ပြိုင်ဘက်ကို အကောင်းအဆိုး မပိုင်းခြားတော့ဘဲ ရရာနည်းလမ်းအားဖြင့် တိုက်ခိုက် နှောင့်ယှက်တတ် ကြသည်ကို ရည်ညွှန်း ပြောလိုရင်းဖြစ်သည်။ အကောက်ကြံသော နည်းအားဖြင့် (ဝါ) အဆင့်နိမ့်သော နည်းအားဖြင့် လုပ်ကြံ ထိုးနှက်ခြင်းလည်း ဖြစ်သည်။

ပတ်မကြီး ထိုးခွဲခြင်းသည် တစ်ယောက်စ၊ နှစ်ယောက်စ သို့မဟုတ် တစ်အုပ်၊ တစ်သင်းကိုသာ နှိပ်စက်နိုင်စွမ်း သို့မဟုတ် အနှောင့်အယှက် ပြုနိုင်စွမ်း ရှိသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအ တွက် တရားဝင် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ တွင် ပတ်မကြီး ထိုးဖောက်သည်ထက် ဆိုးသော ပျားအုံကို တုတ်ထိုးသူများ၊ ခဲပစ်သူများ တွေ့လာရသည်။ ပျားအုံတုတ်ထိုးခြင်း သို့မဟုတ် ခဲပစ်ခြင်းဖြင့် ပတ်မကြီး ထိုးခွဲသည်ထက် လူများများကို ဒုက္ခများစေသည်။ ထိုသို့သော ပျားအုံတုတ်  ထိုး အမှုများကို ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ နှောင်းပိုင်းကာ လများတွင် ပိုမို မြင်တွေ့လာဖွယ် ရှိနေပါသည်။

မဲဆွယ်စည်းရုံးရေး ကာလများတွင် အဓိက ပါတီကြီးများ၏ အရောင်များ မည်၍မည်မျှ တွင်ကျယ် စခန်းသွားနေကြောင်းကို ရပ်တွင်းရွာတွင်းသာမက မြန်မာများ အများဆုံး အသုံးပြုသော လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘုတ်တွင်ပင် ထင်ထင်ရှားရှား မြင်တွေ့နေရပါသည်။ လူထုသည် အနီ လား၊ အစိမ်းလား၊ အပြာလားဆိုသည်မှာ ပြောစရာပင် မလိုလောက်အောင် ကွဲပြားပြီး ဖြစ်သည်။ သို့အတွက်ကြောင့် ပတ်မကြီး ထိုးဖောက်သည်ထက် ဆိုးသော ပျားအုံတုတ်ထိုးမှုများကို သတိထား ကြရမည် ဖြစ်သည်။

တကယ်တမ်းတွင် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် များ လိုက်နာရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် ကျင့်ဝတ်များက ရှိထားနှင့်ပြီး ဖြစ်သလို ယင်းတို့ကို လိုက်နာကြမည်ဟု ဝန်ခံကတိပြု လက်မှတ်ရေးထိုးပြီးလည်း ဖြစ်သည်။

သို့သော် လာမည့် ငါးနှစ်သက်တမ်းအတွက် ဥပဒေပြုရေး အခန်းကဏ္ဍကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပြီး၊ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် သမ္မတကို ရွေးကောက ်တင်မြှောက်ပိုင်ခွင့်ရှိသော လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်နိုင်ရေးအား အလွန်အမင်း နှစ်သက် ရယူလိုကြသည်ဖြစ်ရာ ကောင်းစွာ ယှဉ်ပြိုင်ခြင်းငှာ မစွမ်းသူတချို့က တရားမဲ့ ပြုကျင့်မှုများကို မသိမသာမှသည် သိသိသာ သာအထိ ဆောင်ရွက်ကြမည်သာ ဖြစ်သည်။

မည်သို့ဆိုစေ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ကို မဲဆန္ဒရှင် ပြည်သူများ အပါအဝင် ပြည်သူတစ်ရပ်လုံးသည် အေးအေးချမ်းချမ်းသာ ကျော်ဖြတ်လိုကြပါသည်။ မဲဆွယ်ကာလ လွန်သည့် ရွေးကောက်ပွဲရက်တွင်လည်း မိမိတို့ လိုလားနှစ် သက်ပြီး၊ မိမိတို့အား ကိုယ်စားပြုမည့်သူများကို မဲဆန္ဒရှင် ပြည်သူများသည် အနှောင့်အယှက် ကင်းကင်းနှင့် ရွေးချယ်လိုကြသည်သာ ဖြစ်ပါသည်။

စစ်အစိုးရ အဆက်ဆက်အောက် ပိပြားငြိမ်ဝပ်ခဲ့ရသော မဲဆန္ဒရှင် ပြည်သူများသည် ခေတ် ပြောင်းခေတ်လွဲဟု ဆိုထိုက်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏ အကြိုကာလ ယခုအချိန်က တည်းက နိုင်ငံသား တစ်ဦးချင်းအနေနှင့် ရရှိသင့်သော အခွင့်အရေးများကို ခံစားထိုက်နေပြီဖြစ်ရာ ယင်းသို့ ခံစားနိုင်ရေးတွင် မိမိတို့ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကို အပြည့်အ၀ စိတ်ပါဝင်စားခြင်း ဖြင့် မဆုတ်မနစ် ကြိုးစားရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း အနှောင့်အယှက်များဖြစ်သည့် ပျားအုံ တုတ်ထိုးသူများကို သတိမူ ရှောင်ရှားသင့်ပါကြောင်း မဇ္ဈိမက မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required