လက်ရွေးစင်ရေကူးအားကစားသမားများနှင့်အဖွဲ့ချုပ်အကြား အငြင်းပွားမှုများ ဖြစ်ပေါ်

လက်ရွေးစင်ရေကူးအားကစားသမားများနှင့်အဖွဲ့ချုပ်အကြား အငြင်းပွားမှုများ ဖြစ်ပေါ်
၂၀၁၃ ခုနှစ်တွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံနေပြည်တော်မှာကျင်းပပြုလုပ်ခဲ့စဉ်။

ဇွန် ၁၃ ။                 ။ ဖိလစ်ပိုင်ဆီးဂိမ်းအတွက် ဦးဝိရစာအမျိုးသားရေကူးကန်တွင် လေ့ကျင့်နေကြသည့် မြန်မာလက်ရွေးစင် ရေကူးအားကစားသမားများနှင့် ရေကူးအဖွဲ့ချုပ်အကြား နည်းပြကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

ပဏာမ ရွေးချယ်ထားသည့် အားကစားသမားများကို မြန်မာနိုင်ငံရေကူးအားကစားအဖွဲ့ချုပ်မှ ငှားရမ်းထားသည့် နည်းပြဖြင့်သာ လေ့ကျင့်ရမည်ပာု သတ်မှတ်ထားပြီး မြန်မာလက်ရွေးစင် ရေကူးကစားသမားများက ကိုယ်ပိုင်နည်းပြများဖြင့်သာ လေ့ကျင့်လိုသည်ဟု ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့လည်း အသိဉာဏ် ရှိပါတယ်။ ကောင်းတဲ့ဆရာမှ သင်ချင်ပါတယ်။ သူတို့ကြတော့ သူတို့ဆရာနဲ့ ပဲ ကျင့်မှပဲ ဒီလိုမျိုး SEA GAME ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမယ်ဆိုပြီး လုပ်ထားတယ်။ ဥပမာ-ပေးရမယ်ဆိုရင် ၁၀ တန်း စာမေးပွဲလိုပေါ့။ ၁၀ တန်း စာမေးပွဲကို အားလုံးဝင်ဖြေကြမှပါ။ ဘယ်ကျူရှင် စာဝိုင်းမှပဲဖြစ်ဖြစ် ဘယ်ကျောင်းကျူရှင်မှပဲတက်တက် ။ သူတို့သင်တဲ့ကျူရှင်ဆရာမှပဲ တက် အဲဒါမှမင်း ၁ဝတန်း စာမေးပွဲ ဖြေခွင့်ရမယ်ဆိုပြီး လုပ်ထားတာမျိုးမပာုတ်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ရေကူးအဖွဲ့ကြီးကို သူတို့ဆီမှာပဲ သွားကျင့်မှ အဖွဲ့ချုပ်ထဲ ပေးဝင်မယ်။ အဲဒါမှ SEA GAME ပြိုင်ရမယ်ဆိုပြီး လုပ်ထားတာ အဓိပ္ပာယ် မရှိဘူးလို့ ထင်တယ်ဗျာ။ အဲနေ့မှ လူရွေးပြီးတော့ ညနေ ၃ နာရီလောက်မှ စာထုတ်လိုက်တယ်။ အဲလိုမျိုးကျင့်ရမယ် ဆိုပြီးတော့ ၄ နာရီလောက်မှ လေ့ကျင့်ခန်း ဆင်းခိုင်းတယ်။ ကျွန်တော်တို့ကိုလည်း ဘာမှအကြောင်းမကြားဘဲနဲ့ အဖွဲ့ချုပ်အနေနဲ့ တစ်ဖက်သက်လုပ်သွားပါတယ်။ ကျွန်တော်တို့ကလည်း လူကြီးပိုင်းရောက်လာပြီဆိုတော့ အဲလိုမျိုး လူငယ်တွေကို လုပ်ခွင့်မရှိဘူးလို့ ထင်ပါတယ်။ " ဟု ပဏာမ ရွေးချယ်ခြင်းခံခဲ့ရသည့်ရေကူး ကစားသမား အံ့ခေါင်ထွဋ်က ပြောသည်။

ပဏာမမြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားများကို နည်းပြချုပ်အဖြစ် တရုတ်လူမျိုး မစ္စတာ ဆီဘန်ဇင်း က တာဝန်ယူ ဆောင်ရွက်နေကာ မေ ဒုတိယအပတ်မှ စတင်ပြီး လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။

အဆိုပါကိစ္စအပေါ် "ကျွန်တော်တို့ ပြန်စဉ်းစားပေးပါမယ်။ ခင်ဗျားတို့ စာလေး တင်လိုက်ပါ။ အဲဒီကိစ္စ ကျွန်တော့ကို မပြောပါနဲ့။ အဖွဲ့ချုပ်ကိုပဲ ပြောလိုက်ပါ။ နည်းစနစ်ကော်မတီနဲ့ပဲ ပြောလိုက်ပါ။ ကျွန်တော်က နည်းစနစ်ကိစ္စ ဘာမှ မလုပ်ပါဘူး။ ကျွန်တော်ပြောပြပါမယ်။ ကျွန်တောတို့ ဆုံးဖြတ်ပေးပါမယ်။ အဲဒီတော့ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ မှန်တယ် ။ သို့သော် ကျွန်တော်တို့က နေရာတကာ မပါဘူး။ နည်းစနစ်ပိုင်းမှာ မပါဘူး။ နားမလည်ဘူး။  ကျွန်တော် ဘာမှ ဝင်မပါဘူး” ဟု အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဇွန် ၁၃ ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ်အပြီးတွင် ပြောဆိုခဲ့သည်။

မြန်မာရေကူးအားကစားသမားများက လာမည့် ဇွန် ၁၅ ရက်မှ ၁၇ ရက်အထိ ဆန္ဒထုတ်ဖော်မည်ဟု ကြေညာ ထားစဉ် ရေကူးအားကစားအဖွဲ့ချုပ်မှ ဇွန် ၁၃ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သတင်းမီဒီယာ ၅ ခုခန့်သာ ဖိတ်ကြားထားသည်ဟု ဆိုခဲ့သောကြောင့် မဇ္ဈိမ မှ ဝင်ရောက်သတင်းယူခွင့် မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required