“လက်ဆောင်” ကဗျာနှင့် ပတ်သက်ပြီး သင်ရိုးညွှန်းတမ်းကော်မတီမှာ အဓိက တာဝန်ရှိဟု ဆို

“လက်ဆောင်” ကဗျာနှင့် ပတ်သက်ပြီး သင်ရိုးညွှန်းတမ်းကော်မတီမှာ အဓိက တာဝန်ရှိဟု ဆို

ရန်ကုန်၊ ဇွန် ၁၃ ။           ။ မယ်ခွေ၏ “လက်ဆောင်” ကဗျာကို  အဋ္ဌမတန်းမှ ဒသမတန်းသင်ရိုးသို့ ပြောင်းထည့်မည့်အပေါ် သင်ရိုးညွှန်းတမ်းကော်မတီမှာ အဓိက တာဝန်ရှိကြောင်း အခြေခံပညာရေးဝန်ထမ်းများသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုလိုက်သည်။

“အခြေခံပညာမှာ တာဝန် မရှိဘူး။ သင်ရိုးညွှန်းတမ်းကော်မတီမှာ တာဝန်ရှိတယ်ပေါ့နော်။ ခု ပြန်တက်လာတာ တော့ ၁ဝ တန်းသင်ရိုးသစ်မှာ ပြန်တက်မယ် ပြောတယ်။ အမျိုးသားသင်ညွှန်းတမ်းမှာ တာဝန်ရှိတယ်။ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့၊ မူဝါဒကော်မတီတို့မှာ တာဝန်ရှိတယ်။ ဒီ ရသစာပေကို တန်ဖိုးထားရမယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောသွားတယ်။ စာပေများများဖတ်ဖို့။ ဒီကဗျာက ရသစာပေကို ဖော်ညွှန်းတာလေဗျာ” ဟု အခြေခံပညာရေးဝန်ထမ်းများသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းမင်းထွဋ်က ပြောသည်။

မယ်ခွေ၏ “လက်ဆောင်” ကဗျာကို ဆေးလိပ်၊ မူးယစ်ဆေးနှင့် ပတ်သက်၍ ကလေးများ အတုယူမမှားစေရန် ဟု ဆိုကာ အဋ္ဌမတန်းသင်ရိုးညွှန်းတမ်းမှ ဖြုတ်လိုက်ပြီးနောက် ဝေဖန်မှုများ ရှိလာခဲ့ချိန်တွင် ဇွန် ၁၂ ရက်နေ့က ပညာရေးဝန်ကြီးဌာနမှ ကျောင်းသားများ၏ အသက်အရွယ်အတန်းအဆင့်နှင့် ကိုက်ညီမည့် ဒသမတန်း မြန်မာဖတ်စာတွင် ပြောင်း၍ ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ ကဗျာဆရာသမဂ္ဂ နာယက သစ္စာနီကလည်း မယ်ခွေ၏ကဗျာကို ဖယ်မည့်အစား ကျောင်းအနီး အနားရှိ ဆေးလိပ်ဆိုင်များကို ဖယ်ရှားရန်သာ အင်တိုက်အားတိုက်လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မယ်ခွေ၏ “လက်ဆောင်” ကဗျာကို အခြေခံပညာမြန်မာစာဘာသာရပ်၊ သင်ရိုးညွှန်းတမ်းကော်မတီဝင်များ၏ သဘောတူညီမှုဖြင့် စနစ်သစ်အခြေခံပညာအထက်တန်း ဒသမတန်း မြန်မာဖတ်စာအုပ်တွင် ထည့်သွင်းမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

မယ်ခွေရဲ့ “ လက်ဆောင်” ကဗျာကြောင့် လူငယ်များ ဆေးလိပ်သောက်စေတာ မဟုတ်ကြောင်း သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန် ၈ ရက်က ပြောဆိုထားသည်။

မယ်ခွေ၏ လက်ဆောင်ကဗျာကို ဖြုတ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့အပါအဝင် လူအများ၊ အဖွဲ့အစည်းအများအပြားက ဝေဖန်ကန့်ကွက်ခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required