လက်ကိုင်ဖုန်းဖြင့် မီတာဆောင်နိုင်မည့်စနစ် စတင်လုပ်ဆောင်နေ

လက်ကိုင်ဖုန်းဖြင့် မီတာဆောင်နိုင်မည့်စနစ် စတင်လုပ်ဆောင်နေ
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

နေပြည်တော်၊ ဇွန် လ ၁၃၊ ။             ။ မီတာဘေလ်များကို မိမိတို့၏ လက်ကိုင်ဖုန်းများမှ တဆင့် ပေးဆောင်နိုင်ရန်အတွက် စတင်လုပ် ဆောင်နေပြီဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်  ဦးစိုးမြင့်ကပြောသည်။

“တဖြည်းဖြည်းနဲ့ ကိုယ့်အိမ်ကနေ ကိုယ့်ဖုန်းထဲကနေ ဖုန်းဘေလ်ဆောင်သလို၊ မီတာကိုလည်း ဘေလ်ဆောင်လို့ရတဲ့ဟာ ၊ ကိုယ့်အိမ်မှာ မီးဘယ်နားပျက်နေတာကို ဖုန်းကနေ ကြည့်လို့ရမယ့်ဟာ အဲ့စနစ်တွေကို ကျွန်တော်တို့ သွားနေတယ်။ လုပ်နေတယ်”ဟု ၎င်းကပြောသည်။

ဇွန်လ ၁၃ရက်နေ့က နေပြည်တော်ရှိလျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဦစိုးမြင့်က ယခုကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ မီးသုံးစွဲသူဦးရေသည် များပြားလာသည့်အတွက် မီတာဖတ်သည့် လျှပ်စစ်ဝန်ထမ်း မမျှတမှုကြောင့် ဒီဂျစ်တယ် မီတာဘောက်များတပ်ဆင်ထားခြင်းဖြစ်သလို တစ်ဖက်တွင်လည်း ယခုကဲ့သို့ မိမိတို့၏ လက်ကိုင်ဖုန်းမှတဆင့် အလွယ်တကူ မီတာဘေလ်ဆောင်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါစနစ်ကို ရန်ကုန်တိုင်းဒေသကြီးဒေါပုံမြို့နယ်တွင် ပိုင်းလော့ ပရောဂျက်ဖြင့် စတင် လုပ်ဆောင်နေပြီး အောင်မြင်ကြောင်းနှင့် နေပြည်တော်၊ စစ်ကိုင်းနှင့် အခြားသော တိုင်းနှင့်ပြည်နယ် များတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးစိုးမြင့်က ဆက်လက်ပြောသည်။

“အခုမှ ပိုင်းလော့ ပရောဂျက်ဆိုတော့ လွှမ်းခြုံ(တစ်နိုင်ငံလုံး) တာတော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့က ဒါကိုစမ်းသပ်ပြီးတော့မှ Outcome တွေ ကြည့်ပြီး တော့ ဘာတွေဖြစ်လာလဲ ၊ ပြည်သူအတွက် ဘာတွေထိရောက်မှုတွေ ရှိနိုင်လဲ ။ ပြည်သူ့အတွက် ဘာတွေ သက်သာမလဲ ၊ ဝန်ဆောင်မှုတွေ ဘာတွေကောင်းနေမလဲ ဒါကို အခြေခံပြီးတော့ ကျွန်တော်တို့လုပ်မှာ”ဟု ၎င်းကပြောသည်။

တစ်ဖက်တွင်လည်း မီတာခ ပြင်ဆင် ပြောင်းလဲ ကောက်ခံရေးအတွက် လုပ်ဆောင်နေခြင်းသည် ပြီးမြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုပြောင်းလဲကောက်ခံမည့် နှုန်းထားသည် ပြည်သူကို ထိခိုက်စေမည့် ပမာဏမျိုးမဟုတ်ကြောင်း ဦးစိုးမြင့်က ဆက်လက်ပြောသည်။

“ပြည်သူကို တအားကြီး ထိသွားမယ့်၊ တအားကြီးထိရောက်မယ့်  လျှပ်စစ်ဓာတ်အားခ မဟုတ်ဘူး။ အခြေခံလူတန်းစားကို အခြေခံကျတဲ့ အလျောက် ၊ လူလတ်တန်းစားကို ၊ လူလတ် တန်းစား အလျောက် ၊ အထက်တန်းစားကို အထက်တန်းစား အလျောက် သူ့ရဲ့ ပေးနိုင်တဲ့စွမ်းအား တစ်ဦး ချင်းရဲ့ဝင်ငွေ ဒါတွေကို အခြေခံပြီးတော့မှ ပြောင်းလဲနိုင်အောင် လုပ်ပေးထားပြီးပြီ” ဟု ၎င်းကပြောသည်။

 အသစ်ပြောင်းလဲ ကောက်ခံမည့်နှုန်းထားကိုမူ သိရှိရခြင်းမရှိသေးသော်လည်း ပြည်သူများဘက်က ဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်ကြည့်နေကြောင်း ထုတ်ပြန်သင့်သည့်အချိန်တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required