ONE Warrior Series တွင် ပထမဆုံး နိုင်ပွဲရရယူရန် ဆန္ဒပြင်းပြနေသည့် စိုင်းဉာဏ်လင်း

ONE Warrior Series တွင် ပထမဆုံး နိုင်ပွဲရရယူရန် ဆန္ဒပြင်းပြနေသည့် စိုင်းဉာဏ်လင်း

Rich Franklin ၏ ONE Warrior Series ပြိုင်ပွဲသည် အရည်အချင်းရှိသော မျိုးဆက်သစ် ကစားသမားများကို ONE Championship အတွက် စင်တင်ပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် အကောင်းဆုံး ကစားနိုင်သူများကို ဆုငွေ အမေရိကန် ဒေါ်လာ တစ်သိန်းနှင့်အတူ ONE Championship နှင့် လက်တွဲခွင့် စာချုပ်များ ချုပ်ဆိုလေ့ ရှိသည်။ ထို့ကြောင့် အာရှ တစ်လွှားမှ လူငယ် ကိုယ်ခံပညာ ကစားသမားများ ၏ အိမ်မက်သည် ယင်းပြိုင်ပွဲတွင် အစွမ်းပြခွင့်ရရှိရေး ဖြစ်သည်။

ထိုကဲ့သို့ ရည်မှန်းချက်ကြီးသော လူငယ်ကစားသမားများထဲတွင် မြန်မာနိုင်ငံမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမား စိုင်းဉာဏ်လင်းလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ Team PT အခြေစိုက်လေ့ကျင့်နေသည့် စိုင်းဉာဏ်လင်းသည် မြန်မာ့လက်ရွေးစင် ကရာတေး ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ ဝိတ်တန်းတွင် သုံးနှစ်ဆက်တိုက် မြန်မာပြည် အလွတ်တန်းချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ ၎င်းသည် ၂ဝ၁၈ မတ်လက ကျင်းပသော ONE Warrior Series 1 ကတည်းက ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း ဘရူနိုင်း ကစားသမား Adib Sulaiman ကို ဒုတိယ အချီ တွင်ပင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

“ပထမဆုံးပွဲက ONE Warrior Series မှာ Adib Sulaiman ဆိုတဲ့ ဘရူနိုင်း ကစားသမား ဂျူဂျစ်ဆုသမားနဲ့ ထိုးရတယ်။ အဲဒီပွဲက လက်ပူတိုက်ပြီး သွားပြိုင်ရတဲ့ ပွဲလို့လည်း ပြောရမယ့်ပွဲပေါ့။ ကစားပုံအရတော့ ကျွန်တော်က မတ်တပ်ရပ် တိုက်ခိုက်တဲ့သူ ဆိုတော့ စစချင်းတော့ ကျွန်တော် သာတာပေါ့။ ပထမ တစ်ချီ ကျော်ကျော် လောက်အထိသာပေမယ့် မြေပြင်ချုပ်ကွက်မှာ ပြန်ရုန်းလို့ မရတော့ဘူး။ အဲဒီအချိန်က ဂျူဂျစ်ဆုကို ကျွန်တော် စသင်ကာစ အခြေခံပဲ ရှိသေးတယ်။ အကျွမ်း တဝင် မရှိသေးဘူး”ဟု စိုင်းဉာဏ်လင်းက အဆိုပါပွဲ ရှုံးနိမ့်ခဲ့ပုံကို ပြန်ပြောင်း ပြောပြခဲ့သည်။

စိုင်းဉာဏ်လင်းအတွက် ဒုတိယ အခွင့်အရေးက လေးလ အကြာတွင် တစ်ကြိမ် ထပ်ရောက်လာပြီး ONE Warrior Series 2 တွင် တစ်နိုင်ငံတည်းသား ကစားသမား ပုညစိုင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယင်းတစ်ကြိမ် တွင်လည်း စိုင်းဉာဏ်လင်းသည် အခွင့် အရေးကို အမိအရ မယူနိုင်ခဲ့ဘဲ ပထမအချီ တွင်ပင် နောက်မှ သိုင်းချုပ်သည့် ပုညစိုင်း၏ ချုပ်ကွက်ကို ပြန်မရုန်း နိုင်သောကြောင့် အရှုံးပေး ခဲ့ရသည်။ အဆိုပါ ပွဲတွင် စိုင်းဉာဏ်လင်းသည် ပြိုင်ဘက်ဖြစ်သူကို လျှော့တွက်မိခဲ့သည့်အတွက် ပေးဆပ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပုညစိုင်းနဲ့ပွဲက ကျွန်တော် တွက်ဆတာ နည်းနည်း မှားသွားတယ်။ ဘာကြောင့်လဲဆိုတော့ ပုညစိုင်းပွဲတွေ ကျွန်တော် ကြည့်ရတယ်။ ဒီ ကိုယ်ခံပညာ သိုင်းပေါင်းစုံ မှာတော့ မဟုတ်ဘူး။ သူက Kick Boxing တွေ ဘာတွေ ကစားတော့ မတ်တပ်ရပ် တိုက်ခိုက်တာပဲ အားသာတာလို့ ထင်ခဲ့တာ” ဟု စိုင်းဉာဏ်လင်းက အဆိုပါ ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှု အခြေအနေကို ပြောပြခဲ့သည်။

ထို့ကြောင့် စိုင်းဉာဏ်လင်းသည် ယင်းပွဲတွင် ပုညစိုင်းကို လူချင်းပူးကပ်သည်နှင့် မြေပြင်ချုပ်ကွက်များ သုံးကာ အနိုင်ယူရန် စီစဉ်ခဲ့သည်။ သို့သော် တကယ်တမ်း အပြိုင်အဆိုင် ချုပ်ကိုင်ရန် ကြိုးစားသည့် အချိန်တွင်မူ ပုညစိုင်း၏ ချုပ်ကွက်များက မိမိထက် သာနေကြောင်း သတိပြုမိ ခဲ့သည်ဟု စိုင်းဉာဏ်လင်းက ဝန်ခံခဲ့သည်။ ပုညစိုင်းသည် အာရှ၏ အကောင်းဆုံးလေ့ကျင့်ရေးရုံများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် Bali MMA တွင် လေ့ကျင့်နေသူ ဖြစ်သောကြောင့် မြေပြင်ချုပ်ကွက်များကို ထိပ်တန်း ဆရာများဖြင့် အကောင်းဆုံး လေ့ကျင့်ခဲ့သည်ဆိုသည့် အချက်ကို ထည့်မတွက်မိခဲ့ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

“ မြေပြင်မှာ ချုပ်ကစားတဲ့ အချိန်မှာ ကျွန်တော် သိလိုက်ရတာက သူ့ရဲ့ချုပ်ကွက်က ကျွန်တော့် ချုပ်ကွက်ထက် ပိုကောင်းတယ် ဆိုတာပါပဲ။ အဲဒီ အချိန်မှာ ကျွန်တော် ပြန်ထဖို့ ကြိုးစားတယ်။ ပထမ တစ်ကြိမ်မှာ လွတ်သွားသေးတယ်။ နောက်တစ်ခေါက် ထဖို့ လုပ်တဲ့ အချိန်မှာ မျက်ခုံး ကွဲသွားတယ်။ အဲဒီမှာ ဒဏ်ရာကြောင့်ရော ချုပ်ကွက်ကြောင့်ရော သူ့ကို ပြန်မရုန်းနိုင်တော့ဘဲ ကျွန်တော် ရှုံးသွားတယ်”ဟု စိုင်းဉာဏ်လင်းက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

အသက် ၂၆ နှစ် ရှိသူ စိုင်းဉာဏ်လင်းသည် ၎င်း၏ တတိယမြောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲအဖြစ် လာမည် ဇွန်လ ၂ဝ ရက်တွင် စင်ကာပူ၌ ကျင်းပမည့် ONE Warrior Series 6 ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရမည်
 ဖြစ်သည်။ တွဲဆိုင်းစာရင်း အတိအကျ မထွက်သေးသော်လည်း စိုင်းဉာဏ်လင်းကို ထိုင်းနိုင်ငံမှ ကစားသမား တစ်ဦးနှင့် ထိုးသတ်ရန် လျာထားကြောင်း ကြိုတင် အကြောင်းကြား ထားသည်။ သို့သော် ယင်းကစားသမားနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ ရှာဖွေရာတွင်မူ အခက်အခဲ ရှိနေကြောင်း စိုင်းဉာဏ်လင်းက ပြောပြခဲ့သည်။

“ကျွန်တော် သိထားသလောက်တော့ ထိုင်းကစားသမား တစ်ယောက်နဲ့ထိုးရမှာ။ နာမည် တစ်ခုပေးထားတယ်။ နာမည်က မြန်မာ နာမည်နဲ့တော့ ခပ်ဆင်ဆင်တူတယ်။ ဒါပေမယ့် ထိုင်းကိုယ်စားပြုပြီး ထိုးမှာ။ သူက ဘာကို ကျွမ်းကျင်တယ် ဆိုတာ ကျွန်တော် ကောင်းကောင်း မသိရဘူး။ သူ့ဘက်က ကျွန်တော့်ကို ကြည့်မယ် ဆိုရင် ကျွန်တော် ကစားတဲ့ ပွဲတွေ ကြည့်ပြီး လေ့လာလို့ ရမယ်။ ဒါပေမယ့် ကျွန်တော်က Youtube ကနေပဲ ဖြစ်ဖြစ် Facebook ကနေပဲ ဖြစ်ဖြစ် သူ့နာမည်နဲ့ ကိုက်ပြီး ဘာအချက်အလက်မှ မရဘူး။ အဲဒီတစ်ခုတော့ အခက်အခဲ ဖြစ်နေတယ်”ဟု စိုင်းဉာဏ်လင်းက ဆိုခဲ့သည်။

ယင်းပွဲ အတွက် လက်ရှိ အချိန်တွင် အပြင်းအထန် လေ့ကျင့်ပြင်ဆင် မှုများ ပြုလုပ်ပြီး ပထမဆုံး နိုင်ပွဲ ဖြစ်လာစေရန် ကြိုးစား နေသည်ဟု စိုင်းဉာဏ်လင်းက ဆိုခဲ့သည်။ Team PT ၏ ခေါင်းဆောင် ဖြစ်သူ ဖိုးသော်သည် လတ်တလောတွင် အမေရိကန် နိုင်ငံသို့ သွားရောက် စခန်းဝင် လေ့ကျင့်နေ သော်လည်း ၎င်းကို အဝေးမှ ညွှန်ကြားချက်များ ပေးနေဆဲ ဖြစ်သည်။ ဖိုးသော်သည် ဇွန် ၁၅ တွင် တရုတ် နိုင်ငံသို့ ONE: Legendary Quest ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ ယင်းမှအပြန် စင်ကာပူသို့ လိုက်လာပြီး စိုင်းဉာဏ်လင်း၏ ကြိုးဝိုင်းအကူအဖြစ် ဆောင်ရွက်ပေးမည်ဟုလည်း သိရသည်။

ဆက်လက်ပြီး စိုင်းဉာဏ်လင်းက “လက်ရှိမှာ မတ်တပ်ရပ် တိုက်ခိုက်တာရော မြေပြင်ချုပ်ကွက်ရော ရအောင် လေ့ကျင့်နေပါတယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ ကျွန်တော် ဝင်လာတာ အချိန်တစ်ခု ရောက်လာပါပြီ။ နောက်ပြီး ကျွန်တော် လေ့ကျင့်တာလည်း ပိုပြီး အဆင်ပြေ လာပြီ ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားပြီး ရလဒ်ကောင်း ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကို ပြောချင်တာက ကျွန်တော့်ကို အားပေးကြပါ။ ပထမဆုံးနိုင်ပွဲအတွက် ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အကောင်းဆုံး ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်”ဟု မြန်မာ ပရိသတ်များကို ကတိကဝတ်ပြုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required