လသာမြို့နယ်မှာ လမ်းဘေးခွေးများကို စည်ပင်မှ ဖမ်းဆီးရှင်းလင်း

လသာမြို့နယ်မှာ လမ်းဘေးခွေးများကို စည်ပင်မှ ဖမ်းဆီးရှင်းလင်း
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၁၃ ။           ။ ရန်ကုန်မြို့လယ်ရှိ လသာမြို့နယ်တွင် စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူး ပေါင်းပြီး လမ်းဘေးခွေးလေခွေးလွင့်များ ဖမ်းဆီးရှင်းလင်းရေးကို ဇွန် ၁၃ ရက်က လုပ်ဆောင်ခဲ့ကြသည်။

လသာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှ အမှတ် (၈) ရပ်ကွက်အထိ၊ အမှတ် (၁၀) ရပ်ကွက်များတွင် ခွေးလေခွေးလွင့်များကို ဖမ်းဆီးပြီး အခြားနေရာပို့ဆောင်ရန် ဖြစ်သည်ဟု သိရသည်။

 “ လမ်းမှာ တချို့ခွေးတွေက ကလေးတွေကို ကိုက်တယ်။ တချို့ခွေးတွေက မကိုက်ဘူး။ ဒါပေမယ့် လမ်းဘေးကြတော့ ခွေးဆိုတာက အစိုးမရနိုင်ဘူးပေါ့။ အဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခွေးတွေကို ဖမ်းမယ်။ ဖမ်းပြီးတော့ ကျွန်တော်တို့ သဘာဝတရားရိပ်သာကို ပို့မယ်။ အဲ့ဒီမှာ လွတ်ထားပြီး  မွေးကြလိမ့်မယ်” ဟု လသာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးအောင်က ပြောသည်။

လူအများအား ကိုက်တတ်သည်ဟု တိုင်ကြားခံရသည့် ခွေးများအား အဓိကထား ဖမ်းဆီးနေခြင်း ဖြစ်ပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် ရှင်းလင်းနေခြင်း ဖြစ်သည်ဟု စည်ပင်ဘက်မှ ဆိုသည်။

လသာမြို့နယ်တစ်ခုတည်းတွင် ပြီးခဲ့သည့် ၃ လအတွင်း ခွေးကိုက်ခံရသူ ၁၇ ယောက်အထိ ရှိနေပြီး လသာမြို့နယ်တွင် လမ်းဘေးခွေးကောင်ရေ ၁၀၀ မှ ၁၅၀ ကြား ရှိနိုင်သည်ဟုလည်း မြို့နယ်စည်ပင်မှ ခန့်မှန်းထားသည်။

“ ဖမ်းပုံစနစ်က မေ့ဆေးပစ်တယ်။ ပစ်ပြီးတော့ မျက်နှာစွပ် တပ်တယ်။ ကြိုးချည်တယ်။ အရှင်အတိုင်းပဲ ကားထဲ ထည့်မယ်။ ကားထဲထည့်ပြီးရင် သဘာဝတရားရိပ်သာပို့မယ်” ဟု ဦးကျော်စိုးအောင်က ပြောသည်။

လမ်းဘေး ခွေးလေခွေးလွင့်များ ရှင်းလင်းခြင်းကို ဇွန် ၁၃ ရက် တစ်ရက်တည်းတွင် လူအင်အား ၄၀ ခန့်ဖြင့် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပိုင်ရှင်မဲ့ခွေးအဖြစ် စည်ပင်ခွေးဂေဟာသို့ အပို့မခံရစေရန် ခွေးမှတ်ပုံတင်ဆောင်ရွက်ထားရှိသင့်သည်ဟု စမ်းချောင်းမြို့နယ် စည်ပင်သာယာရေး မှ အကြုံပြုထားသည်။ ခွေးမှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့၊ ၄၆ လမ်း၊ ၁၂ ထပ်ရုံးတွင် အချက်အလက်အပြည့်အစုံဖြင့် အခွန်ဆောင်ကာ လာရောက်ပြုလုပ်နိုင်သည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၄ သန်း ခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းသည် ခွေးလေခွေးလွင့်များဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူ ၇၀ ခန့် ရှိခဲ့သည်။

စည်ပင်သာယာမှ အဆိပ်ချရှင်းလင်းမှုများ ရှိခဲ့သော်လည်း တိရိစ္ဆာန်ချစ်သူများက  ကန့်ကွက်မှုများ ရှိခဲ့ပြီးနောက် ဖမ်းဆီးကာ တရားရိပ်သာဘက်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required