ရန်ကုန်တိုင်းအစိုးရရဲ့ ဘတ်ဂျက်တွေအပေါ် ကိုယ်စားလှယ်များ ပြင်းပြင်းထန်ထန် ဝေဖန်

ရန်ကုန်တိုင်းအစိုးရရဲ့ ဘတ်ဂျက်တွေအပေါ် ကိုယ်စားလှယ်များ ပြင်းပြင်းထန်ထန် ဝေဖန်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၁၃ ။          ။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် အရအသုံး ခန့်မှန်းခြေ လျာထားစာရင်းကို ရန်ကုန်တိုင်းလွှတ်တော်ထံ တိုင်းအစိုးရအဖွဲ့က တင်သွင်းချိန်မှာ ငွေသုံးများတဲ့ စီမံကိန်းအချို့နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

လွှတ်တော်ကို ဇွန်လ ၁၁ ရက်နေ့မှာ ရန်ကုန်တိုင်းစီမံဘဏ္ဍာ ဝန်ကြီး ဦးမြင့်သောင်းက တင်သွင်းခဲ့ပြီး နောက်တစ်ရက် ဇွန်လ ၁၂ ရက်နေ့မှာ လွတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့တာပါ။ တိုင်းအစိုး ရက တင်သွင်းလာတဲ့ ဘတ်ဂျက် လျာထားစာရင်းကို အသေအချာ စိစစ်ဖို့အတွက် လုံလောက်တဲ့ အချိန်မရဘူးလို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

စည်ပင်သာယာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်အတွင်းမှာ အမြဲလိုလို ထောက်ပြပြောဆိုလေ့ ရှိတဲ့ ပန်းဘဲတန်းမဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “မနေ့ကမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်သွင်းလာတဲ့ ၂၀၁၉-၂၀ ဘဏ္ဍာ နှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်ကို ဒီနေ့မှာ အားချင်းဆွေးနွေးရတာဖြစ်တဲ့အတွက် မပြည့်စုံမှုတွေ ရှိကောင်းရှိနိုင်ပါတယ်” လို့ လွှတ်တော်မှာ ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တိုင်းအစိုးရတင်သွင်းခဲ့တဲ့ အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို ဇွန်လ ၁၂ ရက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ်(၂၀)ဦး ဇွန်လ ၁၃ ရက်နေ့မှာ ကိုယ်စားလှယ် (၁၃) ဦး စုစုပေါင်း ကိုယ်စားလှယ် (၃၃)ဦး ဝိုင်းဝန်းဆွေးနွေးခဲ့ကြတာပါ။ ဒါဟာ ရန်ကုန်တိုင်းလွှတ်တော် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် (၉၀) ဦး ရှိတဲ့အနက် သုံးပုံတစ်ပုံလောက် ရှိတဲ့ ကိုယ်စားလှယ်တွေက ဝိုင်းပြီး ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းမှာ ခုနှစ်ထပ်အမြင့်ရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံး ဆောက်မယ့်ကိစ္စ ၊ အင်းစိန်မြို့နယ်မှာ စုပေါင်း ရာဇဝတ်တရားရုံးတည်ဆောက်မယ့်ကိစ္စ ၊ ကိုကိုးကျွန်းကို ပြေးဆွဲဖို့ အတွက် သင်္ဘောဝယ်ယူမယ့်ကိစ္စတွေကို ကိုယ်စားလှယ်အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပါ။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအဖြစ် ထားရှိဖို့အတွက် ၇ ထပ်မြင့် အဆောက်အအုံကို ၂၄၃၅၃၆ စတုရန်းပေ ဧရိယာမှာ တည်ဆောက် မှာဖြစ်ပြီး စီမံကိန်းတန်ဖိုးဟာ ကျပ်သန်းပေါင်း ၉၇၄၁ ဒသမ ၄၄၀ သန်း ဖြစ်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒီအတွက် တိုင်းအစိုးရအဖွဲ့က ၂၀၁၉-၂၀ ဘဏ္ဍာနှစ် မှာ ကျပ်သန်းငါးထောင်ကို ဘတ်ဂျက်တောင်းခံ ထားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ်အများစုက သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်မယ့်ကိစ္စဟာ မြေပိုင်ဆိုင်မှု အရှုပ်အထွေးတွေ ဖြစ်လာနိုင်ပြီး အအောက်အအုံကို ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေနေရာမှာဆောက်လုပ်သင့်တယ်လို့ သင်္ဃန်းကျွန်း မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အကြံပြုပါတယ်။

“ရဲတပ်ဖွဲ့မှူးရုံးဆောက်မှာ တရားဥပဒေစိုးမိုးမှုအတွက် လိုအပ်ပါတယ်။ဒါပေမယ့် ဒီလွှတ်တော်ဝင်း အတွင်းမှာ ဆောက်လုပ်မယ် ဆိုတဲ့ကိစ္စကို ကန့်ကွက်ချင်ပါတယ်။ ဘတ်ဂျက်ကိုလည်း တိုင်းဒေသကြီး ဘတ်ဂျက်ကနေ ကျခံသုံးစွဲတာ မလုပ်ဘဲ ပြည်ထောင်စုဘတ်ဂျက်ကနေ ကျခံသုံးစွဲဖို့ အကြံပြုချင်ပါတယ်” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

တိုင်းအစိုးရက အကောင်အထည်ဖော်မယ့် အင်းစိန်မြို့နယ်အတွင်းက စုပေါင်းရာဇဝတ်တရားရုံး ဟာလည်း လွှတ်တော် ကိုယ်စားလှယ်များအကြား ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။ အခြေခံဥပဒေ အရ မြို့နယ် ၊ ခရိုင် ၊ တိုင်းအဆင့် တရားရုံးများ ရှိနေပေမယ့် စုပေါင်းရာဇဝတ်တရားရုံးဆိုပြီး သီးခြား သတ်မှတ်ထားတာ မတွေ့ရဘူးလို့ ကိုယ်စားလှယ်တွေက ပြောဆိုပါတယ်။

ဒီစီမံကိန်းသုံးစွဲဖို့အတွက် တိုင်းအစိုးရအဖွဲ့က ကျပ်သန်း ခြောက်ထောင် တောင်းဆိုထားခဲ့တာပါ။

“ပြည်သူ့ လိုအပ်ချက်များကိုတော့ လျှော့ပါဦး ဖြတ်ပါဦး၊ ငွေဘယ်လောက်ဆိုပြီး ပြောပြီးတော့ တကယ် မလိုအပ်သေးတဲ့ လုပ်ငန်းတွေ အတွက် ငွေအမြောက်အများ သုံးစွဲနေတာ မသင့်လျော်ဘူးလို့ ဆိုချင်ပါတယ်” ဟု အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆိုပါတယ်။

နောက်တစ်ခုကတော့ ကိုကိုးကျွန်းကို ပြေးဆွဲဖို့အတွက် သင်္ဘောဝယ်ယူဖို့ တိုင်းအစိုးရက ကျပ်ငွေ သန်းငါးထောင် တောင်းခံတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီသင်္ဘောကို အစိုးရကငွေကြေးစိုက်ထုတ်ဝယ်ယူပြီး ပုဂ္ဂလိကကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးမယ့်ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြ ပြောဆိုခဲ့တာပါ။

“အစိုးရက ပြည်သူပိုင်ငွေ ကျပ် သန်းငါးထောင် ရင်းပြီး ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးထားရမယ်ဆိုတဲ့ စဉ်းစားစရာတွေ အများကြီး ရှိလာမှာဖြစ်တဲ့အတွက် ဒီနှစ်မှာ သင်္ဘောဝယ်ယူမယ့်ကိစ္စကို ဖျက်ပြီး ရေရှည်အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို စဉ်းစားသင့်တယ်” လို့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းက ဘတ်ဂျက် ဘီလီယံ ၇၀၀ ကျော် သုံးစွဲဖို့ လျာထားတာဖြစ်ပါတယ်။ အဲဒီ့ ဘတ်ဂျက်တွေကို တံတားလုပ်ငန်း၊ ဆည်မြောင်း နဲ့ ကမ်းပြို ကာကွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ မြေယာလျော်ကြေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အဓိကသုံးစွဲမှာဖြစ်တယ်လို့ အစိုးရက ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ မလိုအပ်တဲ့နေရာတွေသုံးတာ များနေပြီး ပြည်သူတွေ အမှန်တကယ် လိုအပ်တဲ့ နေရာမျိုးတွေမှာ သုံးစွဲတာ မရှိဘူးလို့ ထောက်ပြ ပြောဆို ထားပါတယ်။ ဌာနဆိုင်ရာတွေက ဘတ်ဂျက်တွေတောင်းဆိုတာများနေပြီး ပြည်သူတွေအတွက် ဒေသဖွံ့ဖြိုးရေးလုပ်မယ့် ကိစ္စတွေမှာ ဘတ်ဂျက်လျော့ချခံရတာ များတယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ်ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောဆိုထားပါတယ်။

“ပြည်သူတွေမျက်နှာတွေကို ငဲ့ကြည့်ပါဦးလို့ ပြောချင်ပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly