ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ဖြစ်လာတဲ့ ဟောင်ကောင် ဆန္ဒပြပွဲ

ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ဖြစ်လာတဲ့ ဟောင်ကောင် ဆန္ဒပြပွဲ

ဇွန် ၁၃ ။                   ။ ဟောင်ကောင်မှာ ရာဇဝတ်သား လွှဲပြောင်းမှု ဥပဒေအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပေါ်ပေါက်ပြီး ရဲတွေဘက်က ဆန္ဒပြသမားတွေကို အကြမ်းဖက်နှိမ်နင်းထိန်းချုပ်မှုတွေ လုပ်ခဲ့ပါတယ်။ ယခုအခါ ယင်းကတော့  ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံးသော နိုင်ငံရေး မတည်ငြိမ်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။

ခုလို ဆန္ဒပြပွဲတွေနဲ့အတူ ရဲတွေက အင်အားသုံး နှိမ်နင်းမှုတွေ ရှိခဲ့ပြီးနောက် အာဏာပိုင်တွေက အစိုးရရုံးတစ်ချို့ကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာတော့ အစိုးရရုံးချုပ် အနီးပတ်ဝန်းကျင်မှာ ရှိ လူအုပ်စုကြီးကလည်း သိသိသာသာ လူစုကွဲသွားခဲ့ပြီဖြစ်ပါတယ်။ ယမန်နေ့ကတော့ ယင်း ဧရိယာမှာ ရဲတွေနဲ့ ဆန္ဒပြသမားတွေအကြား အပြန်အလှန် ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်မှုတွေဖြစ်ထားခဲ့ပါတယ်။

ပါလီမန်နဲ့ မြို့တွင်း လမ်းတွေမှာ ပိတ်ဆို့ထားဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသမားတွေကို ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ သုံးပြီး လူစုခွဲတာတွေ ရှိခဲ့ပါတယ်။

တရုတ်ပြည်မကြီးဆီ ရာဇဝတ်သားလွှဲပြောင်းမှုကို ခွင့်ပြုမယ့် အစိုးရရဲ့ အစီအစဉ်တွေအပေါ် ဟောင်ကောင်ဆန္ဒပြသမားတွေက စိတ်ဆိုးဒေါသထွက်နေလျက် ရှိတာဖြစ်ပါတယ်။

ခုလို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေသော်ငြားလည်း အစိုးရဘက်ကလည်း ယခုအချိန်ထိ ယင်းအစီအစဉ်ကို ဖျက်သိမ်းဖို့ မရှိဘူးလို့ ပြောထားဆဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly