ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


မိုးလေးအေးလာရင် ပတ်ဝန်းကျင်လေးစိမ်းလန်းလာလို့ စိတ်ချမ်းသာရတာ ကိုယ်တွေတင်မဟုတ်ပါဘူး။ ကိုယ်တွေကို နာဖျားအောင်လုပ်မယ့် တုပ်ကွေးပိုးလေးတွေရောပါ။ တုပ်ကွေးဖြစ်ရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ခံစားရတော်တေ်ာခက်တယ်။ ဒီကြားထဲက ကိုယ်ကအိမ်ရဲ့ တုပ်ကွေးဖြန့်ချိသူများဖြစ်ခဲ့ရင် စိတ်ထဲမှာစိတ်မကောင်းတောင်ဖြစ်မိသေးတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်တာပါ။

ကာကွယ်ခြင်း ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားကလည်းရှိသေးတာကိုး။ ဒီတော့ ရာသီတုပ်ကွေးကို ဘယ်လိုများကာကွယ်ကြမလဲ။ လွယ်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပေါ့။ ကာကွယ်ဆေးထိုးလို့သာပြောတယ် ဘာမှ သေသေချာချာမသိဘဲ မထိုးနိုင်ပါဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေတွေကို ထုတ်ပေးမှာပါ။
ဘယ်သူတွေက ကာကွယ်ဆေးအထိုးသင့်ဆုံးလဲ…….

အခုပြောပြမယ့်သူတွေက ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တာပါ။

  •     ကိုယ်ဝန်ဆောင်မေမေတွေ
  •     သက်ကြီးရွယ်အိုတွေ
  •     ကလေးငယ်တွေ
  •     ကိုယ်ခံအားနည်းသူတွေ
  •     ဆီးချိဳရောဂါရှိသူ
  •     အသည်းရောဂါရှိသူ
  •     ကျောက်ကပ်ရောဂါရှိသူ
  •     အဝလွန်နေသူတွေ
  •     ခုခံအားကျ ကူးစက်ရောဂါခံစားနေရသူတွေ
  •     ကင်ဆာရောဂါရှိသူတွေ
  •     ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေ
  •     ကင်ဆာရောဂါခံစားနေရသူတွေ
  •     နာတာရှည်ရောဂါတစ်ခုခုရှိသူတွေက မဖြစ်မနေကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုမလဲ………

တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် သိချင်နေမယ့် အချက်လေးတွေများနေနိုင်ပါတယ်။ ဒီတော့ သိချင်နေတဲ့အကြောင်းအရာတွေရဲ့ အဖြေလေးတွေကို ဒီမှာကြည့်လိုက်ပါ။

ဘယ်အရွယ်က စပြီး ကာကွယ်ဆေးထိုးလို့ရလဲ…….

ရာသီတုပ်ကွေးကာကွယ်ဆေးကို ကလေးတွေထိုးထားဖို့လိုမယ်ဆိုပေမယ့် ဘေဘီလေးက ၆ လကျော်ပြီးမှသာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရမှာပါ။

ကာကွယ်ဆေးက အသက်အရွယ်အားလုံး တစ်မျိုးတည်းထိုးရတာလား…..

ကာကွယ်ဆေးက အသက်အရွယ်အလိုက်ထိုးနှံရတဲ့ ကာကွယ်ဆေးအမျိုးအစားကာကွယ်ဆေးအမျိုးအစား ကွာခြားတာကြောင့် အသက်အရွယ်အပိုင်းအခြားနဲ့ သင့်တော်မယ့် ကာကွယ်ဆေးကိုထိုးဖို့လိုပါမယ်။

ဓာတ်မတည့်တာမျိုးဖြစ်နိုင်လား…….

တုပ်ကွေးကာကွယ်ဆေးကဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ဥအမျိုးမျိုးနဲ့ ဓာတ်မတည့်တာမျိုးရှိမယ်၊ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာမျိုးဖြစ်ဖူးမယ်ဆိုရင် ကာကွယ်ဆေးမထိုးခင်မှာ ဆရာဝန်နဲ့ သေချာလေးတိုင်ပင်သင့်ပါတယ်။

  • တစ်ခါထိုးထားရုံနဲ့ လုံလောက်လား……..
  • ကာကွယ်ဆေးက တစ်နှစ်ကိုတစ်ကြိမ်ထိုးဖို့လိုပါမယ်။
  • တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်နိုင်လား……
  • တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်သလို လက္ခဏာတွေခံစားရနိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးတော့မဖြစ်နိုင်ပါဘူး။

တုပ်ကွေးကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ………
တုပ်ကွေးကာကွယ်ဆေး ခန္ဓာကိုယ်ထဲမှာ ဓာတ်ပြုတဲ့အခါ ကာကွယ်ဆေးထိုးပြီး တစ်ရက် နှစ်ရက်လောက်အတွင်း ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ အဖျားတက်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ကာကွယ်ဆေးထိုးထိုးပြီးခြင်း အာနိသင်ရှိလား………
ကာကွယ်ဆေးက ထိုးပြီးပြီးချင်းမှာ အာနိသင်မပြပါဘူး။ ကာကွယ်ဆေးထိုးပြီးလို့ သီတင်းပတ် ၂ ပတ်ကြာမှ အာနိသင်က စပြတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးချိန်ကနေ ၂ ပတ်အတွင်းမှာ တုပ်ကွေး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ၂ ပတ်အတွင်းမှာ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ဖို့လိုပါမယ်။
ကာကွယ်ဆေးကြောင့်ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ……..

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်မှာ အခုလို ဘေးထွက်ဆိုးကျိုးလေးတွေရှိနိုင်ပါတယ်။

  •     အဖျားငွေ့ငွေ့လေးရှိမယ်
  •     ဆေးထိုးထားတဲ့နေရာက နာနေမယ်
  •     အားကုန်နေသလိုဖြစ်နေမယ်
  •     ရောင်ရမ်းမယ်
  •     အသက်ရှုရခက်မယ်
  •     ထုံကျဉ်မယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ကာကွယ်ဆေးမထိုးသင့်ဘူးလဲ………

ကာကွယ်ဆေးက လူတိုင်းနဲ့ သင့်တော်မဟုတ်သလို အချိန်တိုင်းထိုးလို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေမှာဆိုရင် ကာကွယ်ဆေးမထိုးသင့်ပါဘူး။

  •     အဖျားရှိနေမယ်
  •     အပြင်းဖျားနေမယ်
  •     ကာကွယ်ဆေးနဲ့ဓာတ်မတည့်ဖြစ်ဖူးမယ်
  •     အသက် ၆ လအောက်ငယ်နေမယ်ဆိုရင် တုပ်ကွေးကာကွယ်ဆေးမထိုးသင့်ပါဘူး။

ကာကွယ်ဆေးမထိုးဘဲ တုပ်ကွေးကာကွယ်လို့ရလား…….

ဆေးထိုးအပ်ကိုလည်း ကြောက်တယ်။ တုပ်ကွေးလည်း မဖြစ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမး်လေးတွေက အသုံးတည့်မှာပါ။

  •     လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီး သန့်စင်နေအောင်ဆေးကြောပေးပါ
  •     အယ်လ်ကိုဟောပါတဲ့ ရေမလိုလက်သန့်ဆေးရည်သုံးပေးပါ
  •     မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်တွေကို ခဏခဏ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့
  •     လူများတဲ့နေရာတွေကိုရှောင်ပါ
  •     လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
  •     အစားမှန်မှန်စားပါ
  •     အိပ်ရေးဝအောင်အိပ်ပါ
  •     ရေများများသောက်ပါ
  •     စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly