ဦးကိုနီအမှုတွင် သေဆုံးခဲ့ရသော အငှားယာဉ်မောင်းကိုနေဝင်း၏ ကျန်ရစ်သူမိသားစုကို နာကူမှ ထောက်ပံ့

ဦးကိုနီအမှုတွင် သေဆုံးခဲ့ရသော အငှားယာဉ်မောင်းကိုနေဝင်း၏ ကျန်ရစ်သူမိသားစုကို နာကူမှ ထောက်ပံ့
 ဓါတ်ပုံ - ပြန်ကြားရေးဌာန

ရန်ကုန်၊ ဇွန် ၁၂ ။              ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင် တရားခံအား ကူညီဖမ်းဆီးပေးစဉ် အသက်ဆုံးရှုံးခဲ့ရသည့် အငှားယာဉ်မောင်းသမား ကိုနေဝင်း၏ ကျန်ရစ်ခဲ့သူမိသားစုများကို နာရေးကူညီမှုအသင်းရန်ကုန်မှ ဇွန် ၁၂ ရက်နေ့တွင်  ငွေကျပ် ၁၀ သိန်းနီးပါး ထောက်ပံ့ပေးအပ်ခဲ့သည်။

“သူတို့ မိသားစု၊ ကလေးတွေအတွက်ဆိုပြီး အစ်မတို့အသင်းကို အဖွဲ့အစည်းတွေက လှူထားတဲ့ အလှူငွေတွေ ရှိပါတယ်။ နောက်ပြီးတော့ အစ်မတို့အသင်းကလည်း အဲ့ဒီအချိန်တုန်းက ဒီကလေးတွေအတွက်ကို တစ်ခုခု လုပ်ပေးမယ်ဆိုပြီးတော့ စဉ်းစားထားတာ ရှိတယ်။ လုပ်ပေးလည်း လုပ်ပေးသင့်တယ်ဆိုပြီးတော့လေ စဉ်းစား ထားတာ ရှိတဲ့အတွက်ကြောင့်ပေါ့။ အဲဒီအချိန်က အဲ့ဒီအတွက် လှူထားတာတွေ ရှိတာပေါ့။ အဲ့ဒီဟာတွေကို အသင်းက လှူပေးတာပါ။ ကလေးတွေ ကြီးတဲ့အထိ နှစ်စဉ် ပုံမှန်လေးလှူဖို့ ရှိပါတယ်”ဟု နာရေးကူညီမှု အသင်းရန်ကုန်၏ စီအီးအို ဒေါ်စောသင်ဇာတိုးက မဇ္စျိမကို ပြောသည်။

ကိုနေဝင်း၏ ကျန်ရစ်သူသားသမီး ၃ ဦးအတွက် ပညာသင်ထောက်ပံ့စရိတ် ငွေကျပ် ၉ သိန်း ၆ သောင်းကို ထောက်ပံ့လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ကိုနေဝင်း၏ မိဘနှစ်ပါးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိကြောင်းလည်း သိရသည်။

“သူတို့ကလေးတွေကတော့ မူလတန်း တက်ပြီ။ အငယ်လေး ၂ ယောက်ကတော့ မူလတန်းတက်ပြီပေါ့နော်။ အကြီးလေးက တတိယနှစ်ပေါ့။ ပြီးတော့ အစ်မတို့ အဖိုးနဲ့ အဖွားပေါ့။ ဦးနေဝင်းရဲ့ အဖေနဲ့ အမေတို့ကိုလည်း ကျွန်မတို့ အပတ်စဉ်ခေါ်ပြီးတော့ သမားတော်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာရှိပါတယ်။ လူကြီးတွေ ပုံမှန်သောက်ရမယ့်ဆေးတွေ ထောက်ပံ့ပေးပါတယ်။ အစ်မတို့အသင်းရဲ့ မူဝါဒကိုက ကျန်းမာရေးနဲ့ ပညာရေး နှစ်ခု ထောက်ပံ့တာနဲ့ သွားနေတဲ့အတွက် အမတို့ ဒီမူဝါဒတွေနဲ့ ကိုက်လို့ လုပ်ဖြစ်တာပါ။ ” ဟု ဒေါ်စောသင်ဇာတိုးက ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ၂ဝ၁၇ ခုနှစ်က ဦးကိုနီ အသတ်ခံခံရမှုဖြစ်စဉ်အတွင်း  အငှားယာဉ်မောင်းသမား ကိုနေဝင်း သေဆုံးခဲ့ချိန်မှစ၍ ယခုအထိ ကျန်ရစ်ခဲ့သူမိသားစုများကို ကျန်းမာရေး၊ ပညာရေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

“ဆရာဦးနေဝင်းဟာ အများအတွက် အသက်ကို စွန့်စားသွားခဲ့တယ်။ ဒီလိုသူရဲ့ မျိုးဆက်ကို လှူဒါန်းခွင့်ရတာ၊ ထောက်ပံ့ခွင့်ရတာအတွက် ဘာပဲပြောပြော ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

နာရေးကူညီမှုအသင်းရန်ကုန်အနေနှင့် ဦးနေဝင်း၏ သားသမီး ၃ ဦးကို ဘွဲ့ရပြီးသည်အထိ ထောက်ပံ့ ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly