အပစ်ရပ်စာချုပ်အပေါ် အမြတ်မထုတ်ရန် RCSS သတိပေး

အပစ်ရပ်စာချုပ်အပေါ် အမြတ်မထုတ်ရန် RCSS သတိပေး

ချင်းမိုင်၊ အောက်တိုဘာ ၈ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) အပေါ် အမြတ်မထုတ်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)က အောက်တိုဘာလ ၈ ရက်က ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားလိုက်သည်။

NCA လက်မှတ်ရေးထိုးပြီးနောက် အစိုးရတပ်မတော်ဘက်မှ အမြတ်မထုတ်ကြရန်နှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကြရန် တောင်းဆိုကြောင်း RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သတင်းထောက်များကို ရှင်းလင်းခဲ့သည်။ လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်။

“အန်စီအေထဲမှာ အဓိက အချက်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့နေရာမှာ ဖက်ဒရယ် ပြည်ထောင်စုဟာ ပြုပြင်ပြောင်းလဲမှုကို တပ်မတော်နဲ့ အစိုးရကရော မလိုက်နာမှာကို ကျနော်တို့ စိုးရိမ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုတွေရဲ့ ဆန္ဒနဲ့ ကျနော်တို့ အဖွဲ့အစည်းတွေရဲ့ ဆန္ဒရောမပါခဲ့ဘူး။ ဒါကြောင့်မလို့ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ နေရာမှာ ကျနော်တို့ အသစ်ပြန်ရေးမယ်လို့တော့ မဆိုလိုချင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့နေရာမှာ အစိုးရက သဘောထားကြီးမားစွာနဲ့ ပြောင်းလဲခွင့်၊ ဥပဒေပြင်ဆင်ခွင့် ပြုဖို့ ကျွန်တော်တို့ တောင်းဆိုလိုတယ်”ဟု RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်က မီဒီယာများကို ပြောသည်။

ထို့ပြင် လာမည့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန်၊ ရွေးကောက်ပွဲ အနိုင်ရရှိရန်အတွက် NCA လက်မှတ်ရေးထိုးပွဲ ကျင်းပခြင်းမျိုး မဖြစ်စေလိုကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း NCA ကို အလေးမထားဘဲ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်းနှင့် နိုင်ငံတကာ မျက်နှာရရှိရန်အတွက် လုပ်ပြသည့် ပုံစံမျိုး မဖြစ်စေလိုကြောင်း ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် RCSSက အောက်တိုဘာ ၁၅ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နှင့်အတူ NCAကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။ ယင်းသို့ လက်မှတ်ထိုးခြင်းသည် အနာဂတ် နိုင်ငံရေး ပြဿနာများကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်ခြင်း၊ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီစနစ်ကို တည်ထောင်လိုကာ နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်သွားရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ နိုင်ငံရေး ပြဿနာကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ ပါဝင်၍ စည်းလုံး ညီညွတ်စွာဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အပြန်အလှန် ရိုးသားကြရန် လိုအပ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်က ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရအနေဖြင့် သဘောထားကြီးစွာဖြင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးရန်အတွက် ဆွေးနွေးရန် RCSSက တောင်းဆိုလိုက်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး တစ်ဖက်တွင် စစ်ရေးအရ တိုက်ခိုက်မည်ဆိုပါက ထောက်ခံမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“အန်စီအေဆိုတဲ့ တပ်ထားတဲ့ နာမည်အတိုင်း အပစ်အခတ် ရပ်စဲရေးမျိုးဖြစ်စေလိုပါတယ်။ အခုဆိုရင် လက်မှတ်ရေးထိုးဖို့ ၈ ဖွဲ့အသင့်ဖြစ်ပြီဆိုပေမဲ့ ကျန်တဲ့အဖွဲ့တွေကိုလည်း ပါဝင်ပြီး လက်မှတ်ရေးထိုးနိုင်ဖို့ အဓိက အချက်ဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်ကြီး ယွပ်ဆစ်က ပြောကြားခဲ့သည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ နိုင်ငံရေး ပြဿနာများ ဖြေရှင်းမှုတွင် လက်ရှိ ရှမ်းပြည်နယ်အတွင်းရှိ RCSS ၏ နယ်မြေအတွင်း အစိုးရ စစ်တပ်မှ နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေးဟု အကြောင်းပြချက်ဖြင့် ထိုးစစ်ဆင်ဝင်ရောက်ရှာဖွေမှုများ ရှိသဖြင့် ၎င်းတို့ အခြေစိုက်ရာ ဒေသအားလုံးရှိ တပ်များကို တိုက်ခိုက်မှု မပြုရန် နှင့် ဖြစ်ပေါ်လာသည့် ပြဿနာများအားလုံးကို ဆက်ဆံရေးရုံးမှတစ်ဆင့် ညှိနှိုင်းအဖြေရှာရန် ဆောင်းဆိုလိုက်သည်။

လက်ရှိ ဆက်ဆံရေးရုံး ၆ ခု ဖွင့်လှစ်ထားပြီးဖြစ်သည့် RCSSက ပြဿနာများ အလျှင်အမြန် ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆက်ဆံရေးရုံးများကို ထပ်မံဖွင့်လှစ်ရန် တောင်းဆိုထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ခြင်း သုံးနှစ် ကျော်ကာလတာရှိခဲ့သော်လည်း တပ်မတော် မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး သဘောတူညီချက်များအား ချိုးဖောက်ကာ မိမိတို့၏ တပ်များအား လိုက်လံ တိုက်ခတ်ခဲ့သဖြင့် တိုက်ပွဲ အကြိမ်ပေါင်းမြောက်များစွာ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု RCSSက ဆိုသည်။

RCSS/SSA အပါအဝင် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက် ရေး ပါတီ(ALP)တို့ ၈ ဖွဲ့တို့ လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(RCSS/SSA)သည်၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်ေးရးဖော်ေ်ဆာင်ရေးလုပ်ငန်းကော်မတီနှင့် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags