အာမခံအကြောင်း ဘာတွေသိထားဖို့လိုမလဲ

အာမခံအကြောင်း ဘာတွေသိထားဖို့လိုမလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အာမခံဆိုတာဘာလဲ……

အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာ ထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။ အာမခံထားတဲ့သူဘက်မှာ ထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ပေးလျော်ရမယ့် ငွေကြေးပမာဏကို အာမခံကုမ္ပဏီဘက်ကထုတ်ပေးမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်က လစဉ်အာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ပရီမီယံကြေးသွင်းတယ်လို့လည်း သိကြပါတယ်။
အာမခံအမျိုးအစား ဘယ်နှစ်မျိုးရှိတာလဲ……

အကြမ်းဖျင်းကတော့ အာမခံအမျိုးအစားက ၂ မျိုးပဲရှိတာပါ။ ဒါကတော့

    အသက်အာမခံ နဲ့
    အထွေထွေအာမခံဆိုပြီးတော့ပေါ့။

အသက်အာမခံဆိုတာက…….

အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။

Whole life Assurance(တစ်သက်တာ အသက်အာမခံ) – ဒီအာမခံအမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ ကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။

Term Life Assurance(အချိန်အပိုင်းအခြား အသက်အာမခံ) – ဒီအာမခံအမျိုးအစားကတော့ အရွယ်ရောက်ပြီးသူတိုင်းထားရှိနိုင်ပြီး အာမခံထားတဲ့ ကာလအပိုင်းအခြားအလိုက်ထုတ်ပေးတာပါ။ ဥပမာ ကိုယ်က အသက်အာမခံကို ၁၀ နှစ် ထားမယ် ဒါမှမဟုတ် ၁၅ နှစ် ထားမယ်ဆိုပါစို့၊ ဒီကာလကုန်ဆုံးချိန်အထိကိုယ်က ထိခိုက်မှုတစ်စုံတရာမရှိဘူးဆိုရင် အာမခံကုမ္ပဏီဘက်က လစဉ်ပေးသွင်းထားတဲ့ အသက်အာမခံကြေးတွေကို ပြန်ထုတ်ပေးမှာပါ။

အထွေထွေအာမခံဆိုတာက……

အာမခံအမျိုးအစားတော်တော်များများက ဒီအလုံးစုံအာမခံထဲမှာ အကျုံးဝင်နေတာပါ။ ဒီအာမခံအမျိုးအစားမှာတော့ အာမခံထားသူက သူပိုင်ဆိုင်တဲ့အရာတစ်ခုခုထိခိုက်ဆုံးရှုံးတိုင်းမှာ အာမခံမူဝါဒနဲ့ ကိုက်ညီနေမယ်ဆိုရင်  အာမခံကြေး ရရှိမှာပါ။ ဥပမာ ကားကို အာမခံထားထားမယ်။ ကိုယ်က ယာဉ်မတော်တဆဖြစ်မယ်။ ကိုယ့်ကားရော တစ်ဖက်ကားပါ ထိခိုက်မိတယ်။ ဒီလိုအခြေအနေမှာ အာမခံထားထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ကိုယ်က ပေးလျော်စရာမလိုဘဲ အာမခံ ကုမ္ပဏီက ပေးလျော်ပေးမှာပါ။

အထွေထွေအာမခံထဲမှာ ဘာတွေပါလဲ….

ဒီအာမခံအမျိုးအစားအောက်မှာ အသက်အာမခံကလွဲလို့ ကျန်တဲ့အာမခံအမျိုးအစားအားလုံးပါပါတယ်။

မီးအာမခံ – ဒီသဘောတူညီချက်မှာတော့ အာမခံထားသူအပေါ် အာမခံကုမ္ပဏီက မီးဘေးကြောင့်ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတစ်စုံတရာကို ပေးလျော်မယ်ဆိုတဲ့ ကတိကဝတ်ပါရှိပါမယ်။ အာမခံထားသူရဲ့ ပိုင်ဆိုင်မှုပစ္စည်းဖြစ်တဲ့ နေအိမ် ဒါမှမဟုတ် အခြားပိုင်ဆိုင်မှုတစ်ခုခုက မီးလောင်မှုကြောင့် ပျက်စီးခဲ့မယ်ဆိုရင် အာမခံကုမ္ပဏီဘက်က ဆုံးရှုံးမှုအတွက် သဘောတူထားတဲ့ ပမာဏအတိုင်း ပေးလျော်မှာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းအာမခံ – ဒီအာမခံ ပဋိညာဉ်ကတော့အာမခံကုမ္ပဏီနဲ့  ရေယာဉ်ပိုင်ရှင်တွေ၊ ရေကြောင်းနဲ့ ကုန်စည်ပို့ဆောင်သူတွေကြားမှာ ထားရှိတဲ့ အာမခံအမျိုးအစားပါ။ ရေကြောင်းသွားလာပို့ဆောင်မှုအတွင်း ပျက်စီးမှုတစ်စုံတရာရှိခဲ့ရင် သတ်မှတ်ထားတဲ့ အဖိုးစားနားအတိုင်း အာမခံ ကုမ္ပဏီဘက်က ပေးလျော်မှာဖြစ်ပါတယ်။ ဒီအာမခံထဲမှာမှ ကုန်စည်အတွက်ထားတဲ့ အာမခံ၊ ရေယာဉ်အတွက် သီးသန့်ထားတဲ့အာမခံ နဲ့ တင်ဆောင်လာတဲ့ ကုန်စည်အတွက် ထားတဲ့ အာမခံဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

Miscellaneous Insurance – အပေါ်ကအာမခံအမျိုးအစားတွေနဲ့မတူဘဲ ဆုံးရှုံးနစ်နာမှုတွေအတွက်ထားတဲ့ ငွေကြေးအာမခံ အမျိုးအစားပါ။ ဥပမာပြောပြရရင် ကားအခိုးခံရတယ်ဆိုပါစို့၊ အာမခံထားထားမယ်ဆိုရင် ဆုံးရှုံးနစ်နာသွားမှုအတွက် အာမခံကုမ္ပဏီဘက်က ပေးလျော်မှာပါ။ မော်တော်ယာဉ်အာမခံ၊ ပစ္စည်းခိုးခံရမှုကြောင့် ဆုံးရှုံးနစ်နာမှုအတွက် အာမခံ၊ မသမာမှုနဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးဆုံရှုံးတွေအတွက်လည်း အာမခံထားလို့ရပါတယ်။
အသက်အာမခံနဲ့အထွေထွေအာမခံ ဘာကွာလဲ……..

အသက်အာမခံနဲ့အထွေထွေအာမခံရဲ့ အဓိကကွာခြားချက်က အသက်အာမခံက အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ အခြေအနေအတစ်ရပ်ရပ်နဲ့သာသက်ဆိုင်ပြီး အထွေထွေအာမခံထဲမှာ ဒီအသက်အာမခံက အကျုံးမဝင်ပါဘူး။ အသက်အာမခံမှာတော့ အာမခံကြေးက သတ်မှတ်ထားတဲ့ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏကိုပေးသွင်း ရတာပါ။ ဒါပေမယ့် အထွေထွေအာမခံမှာတော့ အာမခံကြေးကိုတစ်နှစ်စာအတွက် အလုံးအရင်းနဲ့ပေးသွင်းရမှာဖြစ်ပါတယ်။
အာမခံကို ဘာကြောင့်လိုအပ်တာလဲ…..

ဆုံးရှုံးနစ်နာမှု၊ ထိိခိုက်ပျက်စီးမှုတစ်စုံတရာကြုံတွေ့တဲ့အခါ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေဖို့ အာမခံထားသင့်ပါတယ်။ နေထိုင်မကောင်းတဲ့အခါမှာလည်း ကျန်းမာရေးအာမခံထားထားမယ်ဆိုရင် ဆေး ကုသစရိတ်အတွက် အာမခံကုမ္ပဏီကထုတ်ပေးမှာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရင်တောင် ပေးဆပ်စရာရှိတဲ့ ကြွေးမြီတွေနဲ့ အခြားသော စရိတ်စကတွေအတွက် အသက်အာမခံရှိနေတာကြောင့် ကျန်ရစ်သူတွေအတွက် စိုရိမ်မှုကင်းစေမှာပါ။ အာမခံကြေးပုံမှန်သွင်းထားရုံနဲ့ သဘာဝဘေးအန္တရာယ်၊ မီးဘေးနဲ့ ရေဘေး၊ ခိုးယူခံရမှုတွေကြောင့် ပစ္စည်းတွေဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှု ကင်းကင်းနေနိုင်မှာပါ။ မတော်တဆမှုဆိုတာမမြင်နိုင်ပါဘူး။ ဒါကြောင့် မတော်တဆမှုအတွက် ကိုယ်တိုင်မှာဖြစ်ဖြစ် ပိုင်ဆိုင်မှုတစ်စုံတရာမှာဖြစ်ဖြစ် ကြုံတွေ့လာရတဲ့အခါ ငွေကြေးဆုံးရှုံးနစ်နာမှုကို အကာအကွယ်ပေးနိုင်စေဖို့ အာမခံကို ထားသင့်တာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required