မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရန် ကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့ချုပ် တောင်းဆို

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရန် ကက်သလစ်ဘုန်းတော်ကြီးများအဖွဲ့ချုပ် တောင်းဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၁၁ ။           ။ မြစ်ဆုံဆည်စီမံကိန်းကိစ္စကို အပြီးတိုင်ရပ်ဆိုင်းပေးရန် မြန်မာနိုင်ငံတော်လုံးဆိုင်ရာ ကက်သလစ် ခရစ်ယာန်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဇွန်လ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး တောင်းဆို လိုက်သည်။ လက်မှတ်ရေးထိုးပြီး တောင်းဆိုသည့် ဆရာတော်ကြီးများသည် မြန်မာတစ်နိုင်ငံလုံးရှိ သာသနာ့နယ်မြေ ၁၉ ခုမှ ဆရာတော်ကြီးများဖြစ်ပြီး ယင်းတို့အထဲတွင် မြန်မာနိုင်ငံ ကက်သလစ် သာသနာပိုင် ကာနယ်ဒီချားလ်မောင်ဘိုလည်း ပါဝင်သည်။

“ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ပြန်လည် သုံးသပ်ကာ အပြီးအပိုင် ဖျက်သိမ်းရန် တောင်းဆိုပါသည်”ဟု မြန်မာနိုင်ငံတော်လုံးဆိုင်ရာ ကက်သလစ် ခရစ်ယာန် ဆရာတော်ကြီးများအဖွဲ့ချုပ်က ထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။

အဆိုပါတောင်းဆိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး  မြန်မာနိုင်ငံတော်လုံးဆိုင်ရာ ကက်သလစ်ခရစ်ယာန်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ တာဝန်ရှိသူထံ မဇ္စျိမက ဆက်သွယ်မေးမြန်းရာ ထုတ်ပြန်ချက်တွင် ပြည့်စုံစွာဖော်ပြထားကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

မြစ်ဆုံရေကာတာတည်ဆောက်မှုမှ ရရှိမည့် စီးပွားရေးအကျိုးအမြတ်များသည် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သည့် ပမာဏသာ ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အလှမ်းဝေး သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

ဧရာဝတီမြစ်၏ အောက်ခြေတွင် ငလျင်ပြတ်ရွေ့ကြောရှိနေပြီး ဆည်တည်ဆောက်မှုကြောင့် အဆိုပါငလျင်ပြတ်ရွေ့ကြော အပေါ် ဖိအားသက်ရောက်များဖြစ်ကာ ငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည်” ဟုလည်း ကက်သလစ် ဘုန်းတော်ကြီး များဘက်က ဆိုသည်။

မြစ်ဆုံဆည်အပြီးတိုင် ဖျက်သိမ်းရေးအတွက် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ဆန္ဒထုတ်ဖော်ပွဲများ မကြာသေးခင် လပိုင်းအတွင်းက ပြုလုပ်ထားပြီး မြစ်ဆုံဆည် အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်ကိုလည်း နယ်ပယ်စုံမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလုပ်ဆောင်နေသည်။

မြစ်ဆုံဆည် စီမံကိန်း လုပ်ဆောင်ရန် စစ်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ဆိုင်းင့ံခဲ့သည်။ လက်ရှိ NLD အစိုးရ လက်ထက်တွင် စီမံကိန်းကို ပြန်လည်လုပ်ကိုင်နိုင်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည့်အတွက် စီမံကိန်း ဖျက်သိမ်းရန် တောင်းဆိုမှုများ  တကျော့ပြန် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required