အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင် တရားဝင် အတည်ပြုအပ်နှင်း

အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင် တရားဝင် အတည်ပြုအပ်နှင်း

ဇွန် ၁၁ ။          ။ စစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်အိုချာကတော့ ဇွန်လ ၁၁ ရက်က တော်ဝင်နန်းတော်ရဲ့ ထောက်ခံအတည်ပြုအမိန့်စာတစ်ရပ်နဲ့အတူ ထိုင်းနိုင်ငံရဲ့ ၂၉ ဦးမြောက် ဝန်ကြီးချုပ် တရားဝင်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ စစ်သားတစ်ဦးအဖြစ်ကနေ အရပ်ဘက် ခေါင်းဆောင်အဖြစ် ကာလကြာ  ပြောင်းလဲမှုလည်း အပြီးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

တရားဝင် ဝန်ကြီးချုပ် ဖြစ်လာတဲ့ ပရာယွတ်ကတော့ နိုင်ငံမှာ ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ ကရုဏာရှိမှုတို့ကို ဆောင်ကြဉ်းမယ်လို့ ကြုံးဝါးသွားပါတယ်။

သို့ပေမယ့် ၎င်းရဲ့ ကတိကဝတ်တွေနဲ့ပတ်သက်လို့ ဝေဖန်သူတွေဘက်က သံသယရှိချင် ရှိနေနိုင်ဆဲ  ဖြစ်ပါတယ်။ ဒီမတိုင်ခင် ပရာယွတ် အာဏာရယူထားစဉ်ကာလတုန်းက နိုင်ငံရေး စုဝေးမှုတွေအပေါ် တားမြစ်တာ၊ မီဒီယာအပေါ် နှိပ်ကွပ်တာ၊ သဘောထားကွဲသူအတိုက်အခံတွေကို နှုတ်ပိတ်တာတွေအတွက် တာဝန်ရှိခဲ့သူ ဖြစ်ပါတယ်။

အသက် ၆၅  နှစ် ရှိ စစ်တပ်အကြီးအကဲဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ထိုင်းစစ်အာဏာသိမ်းမှုကို ဦးစီးခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း  လက်ရွေးစင် ရွေးချယ်ခန့်အပ်ထားတဲ့ ဆိနိတ်တာအမတ် ၂၅၀ ခန့်ရှိနေတဲ့ ထိုင်းပါလီမန်က ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

အစိုးရအိမ်တော်မှာ တော်ဝင် အမိန့်ဒီဂရီ ဖတ်ကြားမှုအပြီး ဝန်ကြီးချုပ် ပရာယွတ်က မိန့်ခွန်းပြောကြားရာမှာ ၎င်းအနေနဲ့ ချစ်ခင်မှု၊ စည်းလုံးမှု၊ ကရုဏာရှိမှု တို့အပေါ် အခြေခံပြီး စုစည်းညီညွတ်တဲ့ လူ့အသိုက်အဝန်းတစ်ခုအတွက် ငြိမ်းချမ်းသာယာတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ပြည်သူ့အသံကို နားထောင်သွားမှာဖြစ်ပြီး ဘုရင်စနစ်ကိုလည်း ကာကွယ်သွားမယ်လို့ ၎င်းက ကတိပြုသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly