ကလေးအလုပ်သမားများ အမြစ်ပြတ်ဖယ်ရှားနိုင်ရေးအတွက် အမျိုးသားအဆင့် လုပ်ဆောင်နေဟုဆို

ကလေးအလုပ်သမားများ အမြစ်ပြတ်ဖယ်ရှားနိုင်ရေးအတွက် အမျိုးသားအဆင့် လုပ်ဆောင်နေဟုဆို
ဇွန်လ ၁၁ ရက်နေ့၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ဖွင့်ပွဲ အခမ်းအနားတွင် ပြသထားသော ဓာတ်ပုံဇာတ်လမ်းပြပွဲမှ ကလေးအလုပ်သမားများကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇွန်လ ၁၁ ။          ။ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများ အမြစ်ပြတ်ဖယ်ရှားနိုင်ရေးနှင့် ကလေးများအတွက် အန္တရာယ်ရှိသည့် အလုပ်များကို စာရင်းပြုစုပေးနိုင်ရေးအတွက် အမျိုးသားအဆင့် လုပ်ဆောင် နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။

" အဓိကအားဖြင့် ကျွန်တော်တို့က အပြစ်ပေးအရေးယူတဲ့အပိုင်းကို ဦးတည်ချက်မဟုတ်ဘဲနဲ့ လုပ်ငန်း ခွင်မှာ ရှိတဲ့ ကလေးတွေကို ဘယ်လိုဖယ်ရှားမလဲ။ သူတို့ရဲ့ ရနေတဲ့ ဝင်ငွေကို အစားထိုးနိုင်ဖို့ ဘယ်လို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမလဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတာ တစ်ပိုင်း၊ နောက်တစ်ခု ကတော့ သူကို ပညာသင်ကြားခွင့်အခွင့်အလမ်းရအောင် ဘယ်လိုဆောင်ရွက် ပေးမလဲဆိုတဲ့ဥစ္စာကို ကျွန်တော် တို့ ဦးတည်ပြီးတော့ သွားမှာပါ"ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ  စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးညွန့်ဝင်းက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့၊ ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်တွင် ကဏ္ဍပေါင်းစုံပါဝင်သော အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သည့်  ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ ဖွင့်ပွဲ အခမ်းအနားတွင်  ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ လျော့နည်းသွားသည်ဟုဆိုသော်လည်း ကလေး အလုပ် သမား ၆ သိန်းကျော်အထိ ဘေးအန္တရာယ်ရှိသော သို့မဟုတ် ဘေးဖြစ်စေသော အလုပ်များကို လုပ်ကိုင်နေရပြီး ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာများတွင် များစွာထိခိုက်လျက်ရှိကြောင်း၊ အများစုမှာ စိုက်ပျိုးရေး ကဏ္ဍများ တွင် အလုပ်လုပ်ကိုင်နေရကြောင်း ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ၂၀၁၉ ထုတ်ပြန်ချက်တွင် ပါရှိသည်။

" ဥပဒေမှာက ကျွန်တော်တို့ သတ်မှတ်ထားတာရှိတယ်။ ၁၉၅၁ ခုနှစ် အလုပ်ရုံများ ဥပဒေရယ်၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေရယ်။ အဲ့ဒီ အကျုံးဝင်တဲ့သက်ဆိုင်တဲ့ အလုပ်ဌာနတွေ၊ လုပ်ငန်းခွင်မှာ ရှိရင်တော့ ကျွန်တော်တို့ အရေးယူမယ်။ သို့သော်လည်း ဥပဒေအရ အကျုံးမဝင် သေးတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်တွေမှာ ရှိနေတဲ့ ကလေးများနဲ့ ပတ်သက်ရင်တော့ ပညာပေး နှစ်သိမ့်ဆွေးနွေးမှုတွေ၊ ဖယ်ရှားရေးနဲ့ ဒီလိုသွားရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဆိုလိုတဲ့သဘောကတော့ အပိုင်းနှစ်ပိုင်းရှိတယ်။ ဥပဒေအရ အကျုံးဝင်တဲ့ လုပ်ငန်းခွင်တွေမှာဆိုရင်တော့ ကျွန်တော်တို့ လုံးဝ လုပ်ခွင့်ပေးမှာမဟုတ်ပါဘူး"ဟု  အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ချုပ် ဦးညွန့်ဝင်းက ပြောသည်။

ကမ္ဘာပေါ်တွင် ကလေးအလုပ်သမား ၁၅၂ သန်းရှိနေပြီး ၇၃ သန်းမှာ ဘေးအန္တရာယ်ရှိသော သို့မ ဟုတ် ဘေးဖြစ်စေသော အလုပ်များလုပ်ကိုင်နေကြရကာ ထိုကလေးငယ်များမှာ အခြားကလေး များထက် ခံစားခွင့်များ ဆုံးရှုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများကို စိုက်ပျိုးရေးကဏ္ဍတွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၁၂ ရာခိုင်နှုန်း ဝင်ရောက်လုပ်ကိုင်နေခြင်းကို အများဆုံးတွေ့ရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly