ဦးဝီရသူကို ဖမ်းမမိသောကြောင့် အမှုကိုမျက်ကွယ်စစ်ဆေးမည်

ဦးဝီရသူကို ဖမ်းမမိသောကြောင့် အမှုကိုမျက်ကွယ်စစ်ဆေးမည်
ဓာတ်ပုံ - EPA

ရန်ကုန်၊ ဇွန် ၁၁ ။                 ။ ရာဇဝတ်အထွေထွေမှုဖွင့်လှစ်ကာ ဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူကို ဖမ်းမမိသောကြောင့် အမှုကို မျက်ကွယ်စစ်ဆေးသွားမည်ဟု ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။

ဝရမ်းထုတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ဇွန် ၁၁ ရက်နေ့အထိ ဦးဝီရသူကို ဖမ်းမိခြင်းမရှိခဲ့သဖြင့် ယင်းသို့ ဆက်စစ်သွားရန်ကြေညာခြင်းလည်း ဖြစ်သည်။

“ စွပ်စွဲခံရသူ ဦးဝီရသူအား လတ်တလော ဖမ်းဆီးရမိကြောင်း အလားအလာမရှိကြောင်း ထင်ရှားတယ် ဆိုပြီးတော့ သူ့ရဲ့မျက်ကွယ်မှာ အမှုကိုဆက်လက် စစ်ဆေးဆောင်ရွက်သွားမယ်ဆိုပြီး အမိန့်ချလိုက်တာ။ ဒါဒီနေ့လုပ်ဆောင်ခဲ့တဲ့အပိုင်းပေါ့” ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းပြန်ကြားရေး အရာရှိ ဒုတိယခရိုင်တရားသူကြီး ၃ ဦးမင်းသန့် ကပြောသည်။

ဇွန်လ ၁၁ ရက်နေ့ရုံးချိန်းတွင် ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့မှ ဝရမ်းအတည်ပြုရဲအရာရှိ ဒုရဲမှူးတင်ထွန်း (အမှတ် ၂ တပ်ဖွဲ့ခွဲ) မှ တရားရုံးတော်သို့ ဝရမ်းပြန်သွင်းခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ရဲအရာရှိအပါအဝင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် နှင့်ဆယ်အိမ်မှူး ဦးမြတ်မင်း တို့ကို စစ်ဆေးအပြီး အမှုကိုမျက်ကွယ်စစ်ရန် အမိန့်ချမှတ် ခဲ့ခြင်းဟုလည်း တရားရုံးမှ သိရသည်။

ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ခံရပြီး ဖမ်းမိခြင်းမရှိသည့်အတွက် အနောက်ပိုင်းခရိုင် တရားရုံးမှ ပုဒ်မ ၁၂၄ (က)/ ရာ ဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေ မှုဖွင့်လှစ်ကာ ဇွန်လ ၁၁ ရက်နေ့အထိ ဝရမ်းထပ်မံ ထုတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့အခုချိန်ထိက တရားခံပြေးကြေညာတဲ့အဆင့် မရောက်သေးပါဘူး။ ကျွန်တော်ရှင်းပြတဲ့အတိုင်း လတ်တလော ဖမ်းဆီးရမိရန် အကြောင်းမရှိသဖြင့် ၎င်းရဲမျက်ကွယ်မှ အမှုကို ဆက်လက် စစ်ဆေး သွားမယ် ဖြစ်ကြောင်း အမိန့်ချပြီးတော့ တရားလိုစစ်ဖို့ချိန်းဆိုထားတဲ့အဆင့်ပါ”ဟု ဦးမင်းသန့်က ပြောသည်။

ထို့ကြောင့် လာမည့်ရုံးချိန်းကို ဇွန်လ ၁၈ ရက်နေ့သို့ချိန်းဆိုထားကြောင်းလည်းသိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူအနေဖြင့် ဓမ္မစက်ဖြင့် သြဝါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူမှု ကို ရင်ဆိုင်ဖြေရှင်းမည် ဟု မေလ ၃၁ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ထံ လျှောက်ထားသည့် စာတွင် ပြောဆိုထားသည်။

မေ ၅ ရက်နေ့က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် မဘသ ဆရာတော် ဦးဝီရသူအတွက် တိုင်းနှင့် ပြည်နယ်တချို့တွင် အမျိုးသားရေး ရဟန်းနှင့် လူပုဂ္ဂိုလ်များက ဆုတောင်းမှုများပြုလုပ်ပေးနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly