အထွေထွေဆေးကုသခွင့် လိုင်စင်ပိတ်သိမ်းခံရမှုအတွက် ညှိနှိုင်းမယ့် နန်းမွေစံ

အထွေထွေဆေးကုသခွင့် လိုင်စင်ပိတ်သိမ်းခံရမှုအတွက် ညှိနှိုင်းမယ့် နန်းမွေစံ
ဓာတ်ပုံ - Nang Mwe San - နန်းမွေစံ

ရန်ကုန်၊ ဇွန်လ ၁၁ ။           ။ မြန်မာနိုင်ငံ ဆေးကောင်စီက အထွေထွေဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းလိုက်မှုအပေါ် သွားရောက်ညှိနှိုင်း သွားမယ်လို့ ဒေါက်တာနန်းမွေစံက ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မသင့်လျော်သော ဝတ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များ Sexy ဓာတ်ပုံများဖြင့် လူသိများသော ဒေါက်တာနန်းမွေစံကို မြန်မာနိုင်ငံ ဆေး ကောင်စီမှ အထွေထွေဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းလိုက်ပါတယ်။

“ ဒီကိစ္စ ဖြစ်လာမယ်လို့ ကျွန်မမျှော်လင့်ထားပြီးသားပါ။ အရင်ကလည်း ခံဝန်ကတိလက်မှတ်ထိုး ရသေးတယ်။ ဒါပေမယ့်လည်း တစ်ကယ်သိမ်းသွားတော့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ဆမကို  အပြီးသိမ်းတာမျိုး မဟုတ်ပဲ ခဏအပ်ထားတာမျိုး အသနားခံတာမျိုးပေါ့နှော် သွားညှိနှိုင်းကြည့်မယ်” ဟု မော်ဒယ်နန်းမွေ့စံက မဇ္စျိမကို ပြောပါတယ်။

ဒေါက်တာနန်းမွေစံ ကိုင်ဆောင်ထားသော အထွေထွေဆေးကုသခွင့်လိုင်စင်ကို ဇွန်လ ၃ ရက်နေ့မှ စတင်ကာ တစ်လအတွင်း မြန်မာနိုင်ငံဆေးကောင်စီသို့ လာရောက်အပ်နှံရန် အသိပေးထားကြောင်း သိရပါတယ်။

" အများပြည်သူသိသင့်သိထိုက်တာကိုတော့ ဆေးကောင်စီ Pageမှာ တင်ထားပါတယ်ခင်ဗျာ။ အဲ့ဒါကိုပဲ ကျွန်တော်တို့ တရားဝင်တင်လို့ရတယ်ခင်ဗျာ။ တစ်လအတွင်းလာမအပ်ရင်တော့ ကျွန်တော်တို့ ဆီကနေ ပြီးတော့ သက်ဆိုင်ရာလူကြီးတွေကနေ ဆုံးဖြတ်ပြီးတော့မှ ထပ်ပြီးအမိန့်ထုတ်ပါမယ်။ ဒါကတော့ ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်ပါ။ ဒီတစ်လအတွင်း အပ်ခိုင်းမှာပါ"ဟု မြန်မာနိုင်ငံဆေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ Sexy ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များဖြင့် လူသိများလာသော ဒေါက်တာနန်းမွေစံကို မြန်မာနိုင်ငံဆေးကောင်စီက ကနဦးအနေနဲ့ သတိပေးခဲ့ပြီး ဒေါက်တာနန်းမွေစံက ထိုသို့ ဓာတ်ပုံများတင်ခြင်း ကို ဆက်လက်မပြုလုပ်ဘူးလို့  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ကတိကဝတ်ပြုခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့်လည်း ဒေါက်တာနန်းမွေစံဟာ ကတိကဝတ်ပြုပြီးတဲ့နောက် ဇန်နဝါရီလ ၁၄ ရက်နေ့က စတင်ပြီး ၃ လကျော် အထိတိုင်အောင် ဓာတ်ပုံများအပြင် မြန်မာ့ယဉ်ကျေးမှုနဲ့ သင့်လျော်မှုမရှိတဲ့ ဝတ်စားဆင်ယင်မှုများနဲ့ ဗွီဒီယိုဖိုင်များပါ တင်နေတဲ့အတွက် မေလ ၃၁ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှု ဆောင်အဖွဲ့ ၅/၂၀၁၉ အစည်းအဝေးဆုံးဖြတ်အရ ယခုကဲ့သို့ ဒေါက်တာနန်းမွေစံရဲ့ အထွေထွေ ဆေးကုသခွင့် လိုင်စင်ကို ပိတ်သိမ်းလိုက်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးကောင်စီက ကြေညာခဲ့ပါတယ်။

ထိုသို့ ပိတ်သိမ်းလိုက်ခြင်းဟာ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ အခန်း(၁၂)၊ ပုဒ်မ(၄၅)၊ ပုဒ်မခွဲ(ဃ)နဲ့အညီ ပိတ်သိမ်းလိုက်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးကောင်စီက သိရပါတယ်။

အဆိုပါ အထွေထွေဆေးကုသခွင့်လိုင်စင် ပိတ်သိမ်းလိုက်ခြင်းအပေါ် Nang Mwe San- နန်းမွေစံ Facebook Pageမှာ  ဇွန်လ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက  မြန်မာနိုင်ငံဆေးကောင်စီ၏ အမိန့်ကြော်ငြာစာနဲ့အတူ " What is human right? Where is democracy?"လို့ ရေးသားပြီး မေးခွန်းထုတ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required