ပေါ်တူဂီအသင်းနဲ့အတူ အောင်မြင်မှုတွေ ထပ်မံရယူဖို့ ဆာလောင်နေဆဲဖြစ်တဲ့ ရော်နယ်လ်ဒို

ပေါ်တူဂီအသင်းနဲ့အတူ အောင်မြင်မှုတွေ ထပ်မံရယူဖို့ ဆာလောင်နေဆဲဖြစ်တဲ့ ရော်နယ်လ်ဒို
Photo: UEFA Nations League

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းနဲ့အတူ နေရှင်းလိဂ် (Nations League)ဖလားကို ရယူနိုင်ခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် အစီအစဉ်မရှိသေးဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့က နေရှင်းလိဂ်ဗိုလ်လုပွဲမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမယ့် ဂူဒက်စ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ နယ်သာလန်အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ မတ်လကမှ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပါင်းခဲ့တာဖြစ်ပြီး သူဟာ ဆီမီးဖိုင်နယ်မှာ ဆွစ်ဇာလန်ဖက်ကို ဟက်ထရစ်သွင်းယူပြီး ပေါ်တူဂီအသင်းကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို-၂၀၁၆ နဲ့ ၂၀၁၉ နေရှင်းလိဂ်ပြိုင်ပွဲနှစ်ရပ်စလုံးမှာ ဗိုလ်စွဲခဲ့သူဖြစ်ပြီး ဥရောပနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုတွေ ထပ်မံရယူဖို့ ဆန္ဒပြင်းပြနေပါတယ်။

"ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ နဲ့ အခု နေရှင်းလိဂ်တို့လို အရေးပါတဲ့ ဆုဖလားတွေကို ရယူနိုင်ခဲ့တယ်။ ဒါဟာ လွယ်ကူတဲ့အလုပ်လို့ ထင်ပုံရပါတယ်။ ဒါပေမယ့် ခက်ခဲပါတယ်။ အဲဒါက ဆန္ဒပြင်းပြမှုနဲ့ အချိန်၊ အင်အားအများကြီး ယူရပါတယ်။"လို့ ရော်နယ်လ်ဒိုက ပေါ်တူဂီရုပ်သံ RTP ကို ပြောခဲ့ပါတယ်။

"ကျနော်ကတော့ ကြံ့ခိုင်မှုပြည့်ဝပြီး စိတ်အားထက်သန်မှုရှိနေသမျှ ပေါ်တူဂီအသင်းအတွက် ဆက်ပြီး ကိုးစားပြုသွားမှာပါ။

"ကျနော် လက်ရွေးစင်အသင်းနဲ့ အတူ ရှိနေတဲ့အခါ အိမ်မှာ ရှိနေသလို ခံစားရပါတယ်။"

အထူသဖြင့် ရော်နယ်လ်ဒိုအတွက် အောင်မြင်မှုဟာ ချိုမြိန်ခဲ့ပါတယ်။ သူဟာ ယူရို ၂၀၀၄ ဗိုလ်လုပွဲမှာ ဂရိအသင်းကို ကိုယ့်မြေပေါ်မှာ ဒူးထောက်အရှုံးပေးခဲ့ရတဲ့ ပေါ်တူဂီအသင်းရဲ့ ကျန်ရှိနေတော့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လို့ပါ။

"အသင်းနဲ့ပါဝင်ကစားခဲ့တာ ၁၆ နှစ်ရှိခဲ့ပါပြီ။ ဒါပေမယ့် စိတ်အားထက်သန်မှုကတော့ စပြီးပွဲထွက်ခွင့်ရခဲ့တဲ့ ၁၈ နှစ်အရွယ်တုန်းကအတိုင်း ရှိနေဆဲပါပဲ။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ၊ ဂိုးတွေနဲ့ ပေါ်တူဂီအသင်းကို ဆုဖလားတွေ ထပ်မံရရှိဖို့ ကြိုးစားကူညီသွားမှာပါ။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ပွဲအများဆုံးအဖြစ် (၁၅၈)ပွဲ ကစားထားက ဂိုးအများဆုံးအဖြစ် (၈၈)ဂိုး သွင်းယူပေးထားပါတယ်။

သူဟာ ယခုပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးဆုအပြင် ဆွစ်ဇာလန်နဲ့ပွဲမှာ ဖရီးကစ်မှ တိုက်ရိုက်ကန်သွင်းတဲ့ဂိုးနဲ့ အကောင်းဆုံးသွင်းဂိုးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly